Saturday, December 27, 2008

မြတ်ဗုဒ္ဓ၏သမိုင်းအထောက်အထား

မြတ်ဗုဒ္ဓသည် လောကကို အောင်နိုင်သူတို့တွင် အကြီးဆုံး အမြတ်ဆုံးဖြစ်၏။ ကိုယ်တော်မြတ် ဟောကြား သင်ကြားတော်မူသော တရားဒေသနာတော်များကလည်း လူအပေါင်း တို.အား အမှောင်လောကကို ကျော်ဖြတ်ရမည့် လမ်းကို အလင်းရောင် ထွန်းပြတော်မူသည်။ အမုန်း တရားနှင့် ဒုက္ခဆင်းရဲများကို ကျော်လွန်သော၊ မေတ္တာတရား၊ သုခချမ်းသာတို့ဖြင့် တင့်တယ်သော အလင်းလောကသို့ လမ်းပြပေးတော်မူသည်။ဂေါတမဗုဒ္ဒသည် ဒဏ္ဍာရီထဲက သူရဲကောင်းမဟုတ်ပါ။ အမှန်တကယ် သက်တော်ထင်ရှား ရှိခဲ့သော သမိုင်းဝင် ပုဂ္ဂိုလ်ထူးဖြစ်၍ ယခု ဗုဒ္ဓဘာသာဟုခေါ်ကြသော ဘာသာ ယုံကြည်မှုကို အစပျိုး ထူထောင်ခဲ့သူဖြစ်တယ်။ ဤဘာသာရေးခေါင်းဆောင်ကြီး သက်ရှိထင်ရှားထွန်းကားခဲ့ ကြောင်း သမိုင်း သက်သေ အထောက်အထားများကို အောက်ပါအချက်အလက်များ၌ ထင်ရှားသည်။

(၁) ကိုယ်တော်မြတ်ကို ကိုယ်တိုင် ဖူးတွေ့ခဲ့ရသူများ၏ အထောက်အထားများရှိသည်။ ထို အထောက်အထားများကို ကျောက်သားပေါ်မှာ ထွင်းထုထားသော ကျောက်ထက် အက္ခရာတင် မှတ်တမ်းမှတ်ရာများ၊ စိုက်ထူထားသော ကျောက်စာများ၊ သူ့ကိုဂုဏ်ပြုရန်တည်ထားသော စေတီ ပုထိုးများရှိသည်။ ဤအထိမ်းအမှတ်များ ကမ္ဗည်းများကို မင်းများနှင့် အခြားလူများက သူ့ကို အမှတ် ရစေရန် တည်ထားခဲ့ကြသည်။ ထိုသူများသည် မြတ်ဗုဒ္ဓခေတ်က မြတ်ဘုရားနှင့် နီးနီးကပ်ကပ် နေ ထိုင် ဆက်ဆံခဲ့ကြသူများဖြစ်ကြပြီး ထိုအထောက်အထားများအားဖြင့် မြတ်ဗုဒ္ဓ၏ ဘ၀ဇာတ်လမ်း ကို သုံးသပ် ဆုံးဖြတ်နိုင်သည်။

(၂) သူ့ခေတ် ဇာတက ၀တ္ထုများမှာ ဖော်ပြထားသော ဗုဒ္ဓခေတ်(ရှေးကျသော)အဆောက်အအုံ အကြွင်းအကျန်များကိုရော နေရာဒေသများကိုပါ ရှေးဟောင်းသုတေသနက ရှာဖွေ တွေ့ရှိခဲ့ကြရ တယ်။

(၃) မြတ်ဗုဒ္ဓတည်ထောင်ခဲ့သော သံဃာအဖွဲ့အစည်းသည် ယခုခေတ်တိုင်အောင် မပျက်မစီးဘဲ ဆက်လက်တည်ရှိဆဲဖြစ်တယ်။ ဗုဒ္ဓ၏ဘ၀ဖြစ်စဉ် အချက်အလက်များကို ဆောင်ထားကြသော သံဃာတော်များသည် ထိုအချက်အလက်များကို မျိုးဆက် တစ်ခုပြီးတစ်ခု အဆက်မပြတ်အောင် ကမ္ဘာအရပ်ရပ်မှာ သယ်ဆောင်တော်မူလာခဲ့ကြတယ်။

(၄) မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံတဲ့နှစ်က အကြောင်းအချက်တွေရယ်၊ ဒီနောက်ပိုင်းမှာ ဆက်လက်ဖြစ်ပေါ် ခဲ့တဲ့ သင်္ဂါယနာတင်ပွဲကြီးတွေဟာ မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ ဓမ္မဒေသနာတော်တွေကို စိစစ် သုံးသပ်ဖို့အတွက် ကျင်းပခဲ့ကြတာ ဖြစ်တယ်။ ဒီလို သင်္ဂါယနာ တင်ပြီး ပိဋကတ်တော်တွေကို ဆရာက တပည့်ကိုသင်ကြားပေးတဲ့နည်းနဲ့ လက်ဆင့်ကမ်း သယ်ယူလာကြတာဟာ ယခုခေတ် ကာလတိုင်အောင်ပါပဲ။

(၅) ကိုယ်တော်မြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ရုပ်ကလာပ်တော်ကို မီးသင်္ဂြီုဟ်တဲ့အခါ ကြွင်းကျန်နေတဲ့ ဓာတ်တော် မွေတော်တွေကို အိန္ဒိယပြည်မှာရှိကြတဲ့ ရှစ်ပြည်ထောင်မင်းများက ခွဲဝေ ယူခဲ့ကြတယ်။ ဒီမင်းတစ်ပါးစီကလည်း သူတို့ ခွဲဝေရရှိခဲ့ကြတဲ့ ဓာတ်တော်တွေကို ဌာပနာပြီး စေတီပုထိုးတော်များ တည်ထား ကိုးကွယ်ခဲ့ကြတယ်။ အဇာတသတ် ဘုရင် ရရှိခဲ့တဲ့ ဓာတ်တော် တွေကို အဇာတသတ်ဘုရင်က စေတီတစ်ဆူတည်း ဌာပနာပြီး ရာဇဂြိုဟ်ပြည်မှာ တည်ထားခဲ့ တယ်။ ဒါကို နောက်အနှစ်နှစ်ရာလျော့လျော့လောက်ကြာတော့ အသောကမင်းကြီးက ဒီဌာပနာ တိုက်ကို ဖွင့်ယူပြီး ဓာတ်တော်များကို သူ့ပိုင်နက် နိုင်ငံတော်ကြီးထဲ ကိုးတိုင်း ကိုးဌာနကို ခွဲဝေပေး တော်မူခဲ့တယ်။ အသောကမင်ကြီးက ဒီဓာတ်တော်တွေဟာ မြတ်ဗုဒ္ဓရဲ့ ဓာတ်တော် မွေတော်စစ် တွေ ဖြစ်ကြောင်း နောင်လူများ သံသယ မဖြစ်ရအောင် ကျောက်စာရေး ထုထွင်းပြီး ထားခဲ့တယ်။

(၆) `မဟာဝံသ´ ဆိုတဲ့ ရှေးရာဇ၀င် သမိုင်းစာထဲမှာလည်း မြတ်ဗုဒ္ဓရဲ့ ဘ၀ဇာတ်လမ်း အသေးစိတ်ကိုရော ဧကရာဇ်ဘုရင်ကြီး အသောကအကြောင်း အသေးစိတ်ကိုရော အခိုင်အမာ မှတ်တမ်း တင်ထားတာကို တွေ့ရတယ်။ ဒီခိုင်မာတဲ့ သမိုင်းမှတ်တမ်းကြီးထဲမှာ ဗုဒ္ဓနဲ့ ဆက်နွယ်နေတဲ့ တခြားအချုပ်အခြာ အာဏာပိုင် မင်းတွေ အကြောင်းကိုလည်း တွေ့ရတယ်။ အိန္ဒိယနိုင်ငံ သမိုင်း ထဲမှာလည်း မြတ်ဗုဒ္ဓ သက်တော်ထင်ရှားစဉ်အခါက သွားလာ လှုပ်ရှားတော်မူခဲ့တဲ့ ထင်ရှားတဲ့ အရပ်ဒေသတွေအကြောင်းကို ဖော်ပြထားတယ်။ ဗုဒ္ဓ ဘာသာ အစဉ်အလာတွေ ထုံးဓလေ့တွေကို လည်း ဖော်ပြထားတယ်။

(၇) အိန္ဒိယပြည်မှာ ဂေါတမဗုဒ္ဓဆိုတဲ့ ဘာသာရေး ခေါင်းဆောင် ဆရာကြီးတစ်ဦး ပေါ်ပေါက်ခဲ့ဖူး တယ်ဆိုတဲ့ အထောက်အထားတွေ၊ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်း အနည်းငယ် အတွင်းမှာ ဗုဒ္ဒဘာသာကို ရရှိခဲ့ကြတဲ့ သီရိလင်္ကာလို၊ မြန်မာလို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လော လို နိုင်ငံတွေရဲ့ မှတ်တမ်းမှတ်ရာများမှာလည်း အဆက်မပြတ် တည်ရှိလာခဲ့ကြတဲ့ သမိုင်း အထောက်အထား၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ စာပေ။ ဓလေ့ထုံးစံ အထောက်အထားတွေကိုလည်း သက်သေ အထောက်အထား ထင်ရှားတွေ့ရတယ်။

(၈) ၄၅ ၀ါ ပတ်လုံး မရပ်မနား ဟေားကြား ဆုံးမတော်မူခဲ့တဲ့ ဓမ္မဒေသနာတော်တွေကို အစဉ်အ ဆက် မပြတ်ဘဲ မှတ်တမ်းတင်လာခဲ့ကြတဲ့ ပိဋကတ် သုံးပုံဟာလည်း မြတ်ဗုဒ္ဓဟာ ဒီကမ္ဘာပေါ်မှာ အထင်အရှား၊ သက်ရှိ လူသားအဖြစ် ပွင့်ထွန်းခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေဖြစ် တယ်။

(၉) ဗုဒ္ဓစာပေ၊ ကျမ်းတွေရဲ့ တိကျ ခိုင်မာမှုကို အထောက်အကူပြုတာက ဘီစီ ၅ရာစု၊ ၆ ရာစု လောက်က ရေးသားခဲ့ကြတဲ့ အိန္ဒိယသမိုင်းပညာရှင်တွေကို သတင်း အချက်အလက်တွေ ပေးခဲ့ တယ်။ အဲဒီခေတ်တုန်းက တည်ရှိခဲ့တဲ့ လူမှုစီးပွားရေး အခြေအနေတွေ၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ဗုဒ္ဒရဲ့ သက်တော်ထင်ရှားတဲ့ ခေတ်ကာလ အခြေအနေတွေ၊ ဗုဒ္ဓ နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ ဘုရင် ဗိမ္ဗိသာရတို့လို မင်းတွေ လက်ထက်က အခြေအနေများအတွက် လည်း သမိုင်းအထောက်အထားတွေကို ပေးနိုင်ခဲ့တယ်။
မှတ်ချက်။ ဦးဆန်းလွင်(ရှင်အာဒိစ္စရံသီ) ဘာသာပြန်ဆိုထားသော 'ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက' စာအုပ်မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

Saturday, December 20, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၇)

မည်သည့်အခါမျှ မပြောင်းလဲနိုင်သည့် စွဲမြဲသောကျင့်ဝတ်များအပေါ် အမြစ်တွယ်နေသဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပျက်ပြယ်မှုဟူသည် ယနေ.သော်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ (ဂါထရုဂါရတ်)

နှစ်တွေ၊ ခေတ်တွေကား ကုန်ဆုံးပြောင်းလဲခဲ့ ပြီးပါပြီ။ သို.သော် ဗုဒ္ဓမြတ်စွာကား ကျွန်ုပ်တို. ၀န်းကျင်မှာ စံနေတော်မူပါ လေသည်။ ဗုဒ္ဓအသံတော်သည် ကျွန်ုပ်တို. နားထဲတွင် ကြားယောင်နေဆဲ ဖြစ်ပါသည်။ (အိန္ဒိယ၀န်ကြီးချုပ်ဟောင်းနေရူး)

ဗုဒ္ဓဘာသာအကြာင်း အနည်းငယ်ဖတ်မိခြင်းသည် ဗုဒ္ဓဘာသာဝင်များ သိသည့်အရာကို သိမြင်ရခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း၂၅၀၀က ဗုဒ္ဓဘာသာဝင်များသည် စိတ်ပညာဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ထင်ထားသည်ထက် ပို၍သိကြသည်။ သူတို.သည် ရှေးကပင် ဤပြဿနာများကို လေ့လာခဲ့ကြပြီး အဖြေကိုလည်း တွေ.ရှိခဲ့ကြပေသည်။ (ဒေါက်တာဂရေဟမ်ဟိုး)

ဒဿနသဘော မပါသော ဘာသာရေးသည် ဥပါဒါန် သဘောရှိ၍ လူ.ဘ၀တိုးတက်မှုနှင့် ဗောဓိဥာဏ်၏ အန္တရာယ်ကို ဖြစ်စေပြီး၊ ဘာသာတရားသဘော မပါသော ဒဿနသည်လည်း ဘ၀အတွက် အကျိုးထူး တစ်စုံတစ်ရာကို ဖြစ်ပေါ်စေနိုင်ခြင်း မရှိပါ။ (အိန္ဒိယသူတော်စင် ရှရီအော်ရိုဗင်ဒို)

တစ်ကိုယ်ကောင်းဆန်ခြင်း၊ ငြိကပ်တွယ်တာခြင်းမှ လွတ်မြောက်သောအားဖြင့် ဂုဏ်သရေရှိမှု၊ ငြိမ်သက်တည်ကြည်မှု၊ ကရုဏာထားမှုတို.သည် အရှေ.တိုင်း ဗုဒ္ဓဘာသာ၏ မူလသင်ကြားချက်များ ဖြစ်သည်။ (အီးအေ-ဘာ့ထ်)

ဘီစီ(၆) ရာစုသည် အသိဥာဏ်နယ်ပယ်၌ ကလေးဘ၀မှ လူကြီးဘ၀သို. ကူးပြောင်းသော ရာစုနှစ်ဖြစ်သည်။ (ကမ္ဘာ့သမိုင်းပညာရှင်များ)

ဘာသာ တစ်ခုနှင့်တစ်ခု နယ်မြေလုပြီး ရက်စက်စွာ သတ်ဖြတ်ကြသော ဘာသာရေး စစ်ပွဲများ ကမ္ဘာ့သမိုင်း၌ မှတ်တမ်းတင်ရသည်မှာ အကျည်းတန်လှပါ၏။ မူလ ဘာသာရေး ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ကို ဖျက်ဆီးရုံသာမက ဘာသာရေးခေါင်းဆောင်များကို သိက္ခာချရာလည်း ရောက်၏။ ထို.ပြင် ဘာသာမဲ့ ၀ါဒီများကိုလည်း လက်ယပ်ခေါ်ရာ ရောက်၏။ အမှန်အားဖြင့် လူ.လောကအတွက် ဘာသာတရားဟူသည် မရှိမဖြစ် လိုအပ်သော သဘောကို ဆောင်ပါ၏။ (ဆရာကြီးဦးရွှေအောင်)

ဘာသာမဲ့ဟူသည်ပင် ဘာသာတရား တစ်မျိုး၏ အမည်ဖြစ်၏။ (အိန္ဒိယသမ္မတဟောင်း ဒေါက်တာ ရာမာခရစ်ရှနန်)

မြတ်စွာဘုရားမှတစ်ပါး ထိုကဲ့သို.သော မဟာဂရုဏာရှင်မျိုးကို အိပ်မက်ထဲ၌ပင် သင်တွေ.နိုင်မည်မဟုတ်။ (ဆရာကြီးဦးရွှေအောင်)

ကျွန်ုပ်တို.သည် မကြုံစဖူး စိတ်ဓာတ်ကျမှု၊ အားငယ်မှုများ ကြုံတွေ.နေကြရပါသည်။ ထိုသို. ကြုံတွေ.ခံစားနေကြရသည်မှာ ဘ၀တွင် ယုံယုံကြည်ကြည်နှင့် လက်တွေ.ကျကျ အသုံးချနိုင်သော အတွေးအခေါ် အယူအဆများ မရှိသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို.တစ်တွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျ နေကြရပါသည်။ ရုပ်ဝတ္ထု ကြွယ်ဝသော်လည်း စိတ်ချမ်းသာမှုကင်းသော အခြေအနေတွင် စိတ်အေးချမ်းသာမှု အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို. သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမှုကို အမှန်တကယ် ဖြစ်စေနိုင်ပါသည်။ (ဂျွန်ဝါလ်တာ)

သကျမုနိဟူသည် လမ်းစဉ်အမှန်တရား၊ ဘ၀တို.နှင့် အမှန်တကယ် အနီးစပ်ဆုံး သင့်မြတ်လျော်ကန်သူဖြစ်ကြောင်း ပို၍ပို၍ ယုံကြည်လာရသည်။ (ဘီရှော့မီလ်မန်)

လူသားတစ်ဦးဖြစ်သော ရှင်တော်ဗုဒ္ဓသည် လူသားအားလုံး၏ အစုအဝေးဖြစ်သော လောကကြီးထဲမှာ ပွင့်တော်မူခဲ့ပြီး "သင်တို.အား အတ္တကျေးကျွန်၏ ဒုက္ခဗရပွေထဲမှ ကယ်ထုတ်ရန် ငါဘုရား ပွင့်တော်မူခဲ့သည်ဟု" ဟု မိန်.မြွတ်ခဲ့ပါသည်။ ယင်းသည် ပြိုင်ဘက်ကင်းသော ၀ိသေသတရားပင် ဖြစ်သည်။ (ရာဘင်ဒရာနတ်တဂိုး)

ဗုဒ္ဓဘာသာဟူသည် ဘ၀မှအမြင့်ဆုံးအကျိုးကို ရယူရန် အမြင့်မားဆုံး လမ်းစဉ်ဖြင့် အသက်ရှင်နေထိုင်နိုင်ရေး အတွက် အစီအမံတစ်ခုပင် ဖြစ်သည်။ အသိပညာစိုးမိုးသော အမြော်အမြင်ကြီးသည့် ဘာသာတစ်ခုဖြစ်သည်။ ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ တပည့်သာဝကတို.ကို အသိဥာဏ်အလင်း ရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (အနောက်တိုင်းစာရေးဆရားတစ်ဦး)

ဗုဒ္ဓနှင့် ပတ်သက်၍ အလေးထားရမည့် အဓိကအချက်မှာ ဗုဒ္ဓသည် လူသားထက်ကျော်လွန်သော အခြားတန်ခိုးရှင် တစ်ဦးဦး မဟုတ်ကြောင်းကို ခိုင်ခိုင်မာမာ ဆိုထားခြင်းပင် ဖြစ်ပါသည်။ (ဆရာတော် သဒ္ဓါတိဿ)

လူသားများကို လွတ်မြောက်စေသူမှာ ဗုဒ္ဓမဟုတ်ပေ။ သို.သော် ဗုဒ္ဓသည် သူကိုယ်တိုင်လွတ်မြောက်ပြီးသလို လူသားများ၏ လွတ်မြောက်ရေးကို ဟောကြားပြသသည်။ ဗုဒ္ဓ၏ သစ္စာဒေသနာကို လူသားများ လက်ခံကြသည်မှာ ဗုဒ္ဓဟောသောကြောင့် မဟုတ်ဘဲ ဗုဒ္ဓ၏ စကားတော်များကြောင့် နိုးကြားလာသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်မှန်ရရှိခြင်းကြောင့် ဖြစ်သည်။ သူတို. ကိုယ်ပိုင်စိတ်ဓာတ် အလင်းရောင်ကြောင့် ဖြစ်ပေါ်လာရသည်။ (ဒေါက်တာအိုဒင်ဘာ့ဂ်)

ဗုဒ္ဓသည် လူသားမျိုးနွယ် အသစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ စာရိတ္တသူရဲကောင်းမျိုးနွယ်၊ လွတ်မြောက်ရေးမျိုးနွယ်၊ ဗုဒ္ဓမျိုးနွယ်စုများကို ဖြစ်ပေါ်စေခဲ့သည်။ (မန်မထနတ်ဆပ်စ်ထရီ)

ဗုဒ္ဓမြတ်စွာသည် ဆင်းရဲဒုက္ခမှ ကင်းငြိမ်းအောင် တစ်ခုတည်းသော လမ်းသာရှိတယ်လို. ရှင်းရှင်းကြီး ဟောခဲ့ပါတယ်။ ဒီနည်းကတော့ အခြားမဟုတ်ပါဘူး။ အစဉ်သတိရှိနေရမည့် အမြဲသိနေရမည့် နည်းပဲဖြစ်ပါတယ်။ ဒီသတိရှိနည်းရဲ. သဘောကို ၀ိပဿနာ ဘာဝနာ ရှုပွားမှသာ ပိုပြီး နားလည်သဘောပေါက်ပါမယ်။ (၀န်ကြီးချုပ်ဟောင်းဦးနု)

ဗုဒ္ဓဘုရားရှင် ဟောကြားသော ဒေသနာတော်၏ သဘောကို တစ်လုံးတည်းသောစကားဖြင့် ဖော်ပြလိုလျှင် မှန်ကန်သောတရားတော် ဟု ဖော်ပြနိုင်ပါသည်။ (ဗိုလ်မှုးကြီးအောလ်ကော့)

Saturday, December 13, 2008

ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများ(၂)

မေး။ ဗုဒ္ဓဘာသာကိုသာ သိပ်ပြီး အထင်ကြီးနေပုံ အရ ဗုဒ္ဓဘာသာလျှင် မှန်ကန်ပြီး အခြားဘာသာများမှာ မှားသည်ဟု ဆိုလိုပါသလား။

ဖြေ။ ဗုဒ္ဓ၏ အဆုံးအမကို မှန်ကန်စွာ နားလည်သဘောပေါက်သော မည်သည့် ဗုဒ္ဓဘာသာဝင်မှ အခြားသော ဘာသာများသည် မှားသည်ဟု မယူဆပါ၊ မထင်ကြပါ။ အခြားဘာသာများကို သေသေချာချာ မှန်မှန်ကန်ကန် နားလည်အောင် သဘောထားအမြင် ကျယ်ကျယ်ဖြင့် လေ့လာခဲ့လျှင် မိမိသက်ဝင် ယုံကြည်သော ဘာသာသာလျှင်မှန်ပြီး ကျန်သောဘာသာများမှာ မှားသည်ဟူသော အတွေးမျိုး ၀င်နိုင်စရာမရှိပါ။ အခြားသော ဘာသာများကို မှန်မှန်ကန်ကန် နားလည်အောင် သဘောထားအမြင်ကျယ်ကျယ်ဖြင့် လေ့လာကြည့်ပါက ထိုဘာသာများတွင် တူညီချက်များ များစွာရှိသည်ကို ပထမဦးစွာ သတိပြုမိမည် ဖြစ်ပါသည်။

အားလုံးသော ဘာသာများက လက်ရှိလူသား၏ အခြေအနေသည် ကျေနပ်စရာ မကောင်းသည်ကို အသိအမှတ်ပြုကြ ပါသည်။ လူသား၏ လက်ရှိအနေအထားကို ပို၍ကောင်းမွန်လာအောင် ပြုပြင်လိုလျှင် သဘောထားနှင့် အပြုအမူတို.တွင် ပြောင်းလဲပေးရန် လိုအပ်သည်ကို ဘာသာတိုင်းကပင် ယုံကြည်ကြပါသည်။ လူ.ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍ မေတ္တာတရား၊ ကရုဏာတရား၊ သည်းခံခွင့်လွှတ်မှု၊ စိတ်ထားမြင့်မြတ်မှု၊ သဘောထားကြီးမှု၊ လူမှုရေးတာဝန်များ သိတက်ကျေပွန်မှုတို.ကို ဘာသာတိုင်း၏ အဆုံးအမများတွင်တွေ.ရပြီး ဘာသာတိုင်းတွင် လုံးဝပြည့်စုံမှုသဘော (absolute)ကိုလည်း လက်ခံကြသည်ကို တွေ.ရပါသည်။ သို.သော် ဤအကြောင်းအရာများကို ဖော်ပြရာတွင် ဘာသာစကားအမျိုးမျိုး၊ အမည်နာမအမျိုးမျိုး၊ သင်္ကေတ အမျိုးမျိုးကို သုံးပြီးဖော်ပြကြသည်။ အမြင်ကျဉ်းကျဉ်း၊ အမြင်တိုတိုဖြင့် မိမိ၏ အမြင်တစ်ခုတည်းကိုသာလျှင် တွယ်ကပ်ပြီး မြင်တက်သည့် အခါမျိုးတွင်သာ အခြားဘာသာအယူအဆများကို သည်းမခံ ခွင့်မလွှတ်ခြင်း၊ မိမိဘာသာ သာလျှင် မှန်ကန်ပြီး အခြား ဘာသာတွေအားလုံး မှားသည်ဟူသော လွဲမှားသည့် မောက်မာမှုမာနများ ပေါ်ထွက်လာတက်ခြင်း ဖြစ်ပါသည်။

အင်္ဂလိပ်လူမျိုးတစ်ဦး၊ ပြင်သစ်လူမျိုးတစ်ဦး၊ တရုတ်လူမျိုးတစ်ဦးနှင့် အင်ဒိုနီးရှားလူမျိုးတစ်ဦးတို.သည် လက်ဖက်ရည် ထည့်ထားသောခွက်ကို ကြည့်ရှုနေကြသည် ဆိုပါစို.။
အင်္ဂလိပ်လူမျိုးက ခွက်ကို ကပ်(ပ်) (cup) ဟုပြောပါသည်။ ပြင်သစ်ကလည်း ကပ်(ပ်) မဟုတ်၊ တေဆဲ (tasse) ဖြစ်သည်ဟု ပြောပေမည်။ ထိုအခါ တရုတ်ကလည်း 'ခင်ဗျား တို.နှစ်ယောက်လုံး မှားပါတယ်၊ အဲဒါ ပိုင် (pei) လို.ခေါ်ပါတယ်' ဟု ပြောပေလိမ့်မည်။

ထိုအခါ အင်ဒိုနီးရှားလူမျိုးက 'ဟားဟား၊ ခင်ဗျားတို. အားလုံး မှားတယ်။ အဲဒါ က၀မ် (cawan) လို.ခေါ်တယ်' ဟု ပြောပါလိမ့်မည်။ ထိုအခါ အင်္ဂလိပ်လူမျိုးကလည်း အင်္ဂလိပ် အဘိဓာန်ကို လှန်ပြီး ခွက်ကို ကပ်(ပ်) လို.ခေါ်သည်မှာ မှန်ကန်ကြာင်း သက်သေအထောက်အထား ပြပါမည်။ ထိုအခါ ပြင်သစ်လူမျိုးက 'ခင်ဗျားတို. အဘိဓာန်က မှားနေတယ်၊ ကျွန်တော်တို. အဘိဓာန်ထဲမှာ ခွက်ကို တေဆဲ လို. ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်' လို. ငြင်းချက်ထုတ်ပါလိမ့်မည်။ ထိုအခါ တရုတ်လူမျိုးက 'ကျွန်တော်တို. အဘိဓာန်က ခင်ဗျားတို. အဘိဓာန်ထက်ပိုပြီး နှစ်ပေါင်းများစွာ ရှေးကျပါတယ်၊ ပြီးတော့ တရုတ်စကားကိုပြောတဲ့ ဦးရေဟာ ဒီကမ္ဘာမှာဆိုရင် အများဆုံးလည်း ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို.ရဲ. အဘိဓာန်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ခွက်ကို ပိုင်လို. ခေါ်ခြင်းက မှန်ပါတယ်' လို. ပြောဆိုချေပပါလိမ့်မည်။ ထိုကဲ့သို. တစ်ဦးနှင့် တစ်ဦး ပြောဆို ငြင်းခုံနေကြသည့် နေရာသို. ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ခွက်ကိုကောက်ကိုင်လိုက်ပြီး ခွက်ထဲမှ လက်ဖက်ရည်ကို သောက်ချလိုက်ပါသည်။ သောက်ပြီးနောက် ငြင်းခုံနေကြသူများကိုလည်း 'ခွက်ကို ကပ်(ပ်) ခေါ်ခေါ်၊ ပိုင် ခေါ်ခေါ်၊ တေဆဲ ခေါ်ခေါ်၊ က၀မ်ခေါ်ခေါ်၊ ခေါ်ချင်သလိုသာ ခေါ်ကြပါ၊ ခွက်ဆိုတာကတော့ တစ်ခုခုကို သောက်ရာမှာ အသုံးပြုဖို.သာ ဖြစ်ပါတယ်၊ ခင်ဗျားတို. ငြင်းခုံနေကြတာတွေကိုရပ်ပြီး သောက်ကြပါ။ ငြင်းခုံပြောဆိုနေရတဲ့အတွက် အာခြောက်နေတာကို ရပ်ပြီး ရေငတ်ပြေအောင် သောက်လိုက်ကြပါဗျာ' ဟု ပြောသည် ဆိုကြပါစို.။ ဤအမြင်သဘောထားသည် ဗုဒ္ဓဘာသာက အခြားအခြားသော ဘာသာများ အပေါ်တွင်ထားသော သဘောထား ဖြစ်ပါသည်။
(မှတ်ချက်။ ဩစတြေးလျလူမျိုး ထေရ၀ါဒ၊ ဗုဒ္ဓရဟန်းတော် V.S Dhammika ၏ ဖြေကြားချက်များကို ဆရာကြီးဒေါက်တာသိန်းလွင် ဘာသာပြန်ထားပါသည်။)

Saturday, December 6, 2008

မသေခင်ဘာလုပ်ကြမလဲ(၂)

ကျွန်တော်မောင်ရဲကြီး တစ်ယောက် မသေခင်ဘာလုပ်ကြမလဲ(၁) ရေးပြီးတဲ့နောက် အားရကျေနပ်ခြင်း မရှိသေးတဲ့အတွက် အပိုင်း(၂)ကို ဆက်လက်ရေးရပြန်ပါတယ် ခင်ဗျ။ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ တောင့်တ၍ မရကောင်းတဲ့အရာ ငါးမျိုးရှိတယ်လို. ဆိုပါတယ်ခင်ဗျ။ ဘယ်ငါးမျိုးလဲ ဆိုတော.ဗျာ-

၁။ မအိုပါစေနှင့်ဟု တောင့်တ၍မရ။
၂။ မနာပါစေနှင့်ဟု တောင့်တ၍မရ။
၃။ မသေပါစေနှင့်ဟု တောင့်တ၍မရ။
၎။ မကုန်ဆုံးပါစေနှင့်ဟု တောင့်တ၍မရ။
၅။ မပျက်စီးပါစေနှင့်ဟု တောင့်တ၍မရ တဲ့ဗျ။

ဒီတော့ဗျာ မိတ်ဆွေတို.ရော ကျွန်တော်ရော အိုခြင်းတရား နာခြင်းတရားတွေ မလွဲမသွေကြုံတွေ.ကြရမှာပါ။ ကိုယ်သေရမှာ၊ နာရမှာကို မသိနိုင် မမြင်နိုင်ဖြစ်နေတာဟာ မောဟကြောင့်ပါ။ မအားသေးတာကို အကြောင်းပြပြီး တရားအားထုတ်ဖို. ပျင်းနေကြမယ် ဆိုရင်တော့ သေခြင်းတရားက ကိုယ်မအားသေးတာ မစောင့်ပါဘူးလို. ပြောချင်ပါတယ်ခင်ဗျ။ အောင်ဆန်းတပ်ဦးဆရာတော် မိန်.ကြားတော်မူသလို ကနေ.သေတဲ့ မသာတွေ အားလို.သေတာ တစ်ယောက်မျှ မရှိပါဘူးခင်ဗျ။ တကယ်တော့ တရားအားထုတ်တယ်ဆိုတာကလည်း အချိန်သီးသန်.ပေးဖို. မလိုပါဘူးဗျ။ နေ.စဉ် ပုံမှန်လုပ်ငန်းစဉ်တွေကို သတိတရားလေးနဲ. နေထိုင်တက်မယ်ဆိုရင် လောကီ၊ လောကုတ္တရာ နှစ်မျိုးလုံးအတွက် အကျိုးကျေးဇူးရှိမယ်ဆိုတာ အသေအချာ ပြောဝံ့ပါတယ်ခင်ဗျ။ မြတ်စွာဘုရားရှင်က ဘေးကြီးငါးမျိုးဆိုက်ရောက်လာရင် တရားအားထုတ်လို. မရတော့ပါဘူးလို. သတိပေးတော်မူ ခဲ့ပါသေးတယ်ခင်ဗျ။ ဘယ်ငါးမျိုးလဲဆိုတော့-

၁။ အသက်အရွယ်ကြီးရင့် အိုမင်းလာတဲ့ဘေး။
၂။ မကျန်းမမာ ဖြစ်လာရတဲ့ဘေး။
၃။ အစားအသောက် ရှားပါးရတဲ့ဘေး။
၎။ တိုင်းပြည်မငြိမ်းချမ်း သူပုန်ထတဲ့ဘေး။
၅။ သံဃာကွဲပြား လာတဲ့ဘေး တို.ဖြစ်ပါတယ်။

ယခုဆိုရင် အနောက်နိုင်ငံသားအချို. ၀ိပဿနာ၏ အကျိုးကျေးဇူးကို သိရှိလာကြပြီး မြန်မာနိုင်ငံသို.ပင် လာ၍ ကျင့်ကြံအားထုတ် နေကြချိန်မှာ ကျွန်တော်တို. ဗုဒ္ဓဘာာဝင် အများစုက သတိလက်လွတ် ငှတ်တောင်ကျွတ်နေထိုင်နေကြပါတယ်ဗျ။ ဒါကြောင့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ. လင်္ကာလေးနဲ. နိဂုံးချုပ်ပါရစေ ခင်ဗျ။

"မကွေ.မထောင့် လမ်းဖြောင့်တရား
တွေ.ပါသားနှင့် အများရူးတိုင်း
နင်မရူးနှင့်၊ ထူးသည့်အခါ၊
ဝိပဿနာကို၊ ခါခါပွားမှ၊
သွားမည့်သံသရာ၊ အစဉ်ပါမည်
နင်သာသတိထား"
ခင်မင်လေးစားရတဲ့ Blogger အပေါင်း ဗုဒ္ဓခေတ်မြတ် တွေ.ရကျိုးနပ်ကြပါစေဗျာ။

Tuesday, December 2, 2008

ကိုယ့်ကိုယ်ကိုအမုန်းဆုံး(၁၀)ချက်

ကျွန်တော့်အစ်ကိုကြီးတစ်ဦး ဖြစ်တဲ့ ကိုIdulize က Tag ထားတယ် Mail ပြန်စစ်ဆိုမှ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုအမုန်းဆုံး(၁၀)ချက် ရေးရမယ်ဆိုတာ သိရပါတော့တယ်ဗျ။ ကိုIdulize ကိုယ်တိုင်ရေးထားတာ ဖတ်ကြည့်လိုက်တော့ 'အလို' ကဗျာလေးနဲ. ရေးထားတာပါ့လား။ ကျွန်တော်လည်း ကဗျာလေးနဲ. အစ်ကိုလို ရေးချင်ပေမဲ့ ရေးလိုက်ရင် အစ်ကိုရယ်၊ မောင်သီဟညိမ်း တို.လို ကဗျာရေးနေတဲ့ Blogger တွေက ကဗျာစပ်နည်း သင်တန်းဖွင့်ပေးပါ ဆိုပြီး ပြောလာကြရင် မအားရတဲ့ကြားထဲ သူတို.ကို Lecture ရိုက်ရမှာ စိုးရိမ်တာနဲ. ကဗျာနဲ. မရေးတော့ပါဘူး။ (ကဗျာမစပ်တတ်ပေမဲ့ သိက္ခာတော့ အကျမခံဘူး) ကဲ... မကျေနပ်တဲ့ (၁၀)ချက်နဲ. ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်း ရမယ်ဆိုရင်........
(၁) တစ်စုံတစ်ခုကို စောင့်ဆိုင်းရသည်ကို စိတ်မရှည်တက်ခြင်း။
(၂) အင်္ဂလိပ်စာကို မဂ္ဂဇင်းများတွင် ပြိုင်ပွဲများ ၀င်ပြိုင်ခြင်း၊ မိမိဘာသာလေ့လာခြင်းများ ပြုလုပ်သော်လည်း ယခုအချိန်ထိ ထူးထူးခြားခြား တိုးတက်မလာခြင်း။
(၃) ကိုယ်တိုင်က ဗုဒ္ဓဘာသာအကြောင်း ရေးသားနေသော်လည်း သူငယ်ချင်းများ အပေါ်တွင် သံယောဇဉ် ကြီးလွန်းခြင်း။
(၄) မှန်တယ်ထင်ရင် တဇွတ်ထိုး လုပ်တက်ခြင်း။
(၅) ပြန်မပြော နားမထောင်နေတက်ခြင်း။
(၆) အသင့်အတင့် အမှန်အတိုင်း နှလုံးသွင်းနိုင်မှု မရှိသေးခြင်း။ (ယောနိသောမနသိကာရ မရှိသေးတာပေါ့ဗျာ)
(၇) မြတ်စွာဘုရားရှင်က အကျိုးမရှိကြောင်း တရား(၆)ပါး တွင် တစ်ယောက်တည်း ခရီးသွားခြင်းဟု ပါရှိသော်လည်း သွားလာတက်ခြင်း။
(၈) မိဘနှစ်ပါးကျေးဇူးကို ယခုထိ အနည်းငယ်မျှပင် မဆပ်နိုင်ခြင်း။
(၉) သေခြင်းတရားက မှည့်နေတဲ့ အသီးလို အချိန်မရွေးကြွေကျနိုင်တယ်ဆိုတာ သိပေမဲ့ သတိလက်လွတ် နေခြင်း။
(၁၀) Internet connection ကို ဖုန်းနှင့် ချိတ်သုံးနေရခြင်း။ (သီလမရှိတဲ့သူတွေ ဘာလုပ်လုပ် အဆင်ပြေတယ်ကို မရှိဘူး။)
ကဲ.... အစ်ကိုရေ၊ ရေးတက်သလိုရေးလိုက်ပြီဗျာ။ အမှားပါရင် ခွင့်လွတ်ပါ။

Sunday, November 30, 2008

ကမ္ဘာလောကကြီး၏ဖခင်

လူချမ်းသာတစ်ယောက်တွင် အနှစ်ငါးဆယ်ပတ်လုံး နိုင်ငံရပ်ခြားဒေသ၌ လှည့်လည် လေလွင့်နေသော သားတစ်ယောက်ရှိ၏ ။ ဖခင်ဖြစ်သူသည် တဖြည်းဖြည်း ဥစ္စာစည်းစိမ်တို. တိုးတက်၍ သူဋ္ဌေးကြီးတစ်ယောက် ဖြစ်လာစဉ်တိုင်း တစ်ပါးသို. ရောက်နေသော သားဖြစ်သူကား တဖြည်းဖြည်း ဆင်းရဲမွဲတေပြီး စုတ်ပြတ်သွားတော့၏ ။

၎င်းကို ပြန်လာနိုးနှင့် အမြဲတမ်း မျှော်လင့်တောင့်တနေသော မိမိဖခင်အိမ်သို. သားဖြစ်သူသည် သူတောင်းစားအဖြစ်ဖြင့် လှည့်လည် တောင်းရမ်းရင်း ရောက်ရှိလာခဲ့၏ ။ သို.ရာတွင် ခြွေရံသင်းပင်းများနှင့် အိမ်ရှေ့တွင် ခမ်းနားစွာ ထိုင်နေသော ဖခင်ဖြစ်သူကို မိမိဖခင်ဟု မမှတ်မိတော့ချေ။ ကြီးကျယ်ခမ်းနားလှစွာသော သူဋ္ဌေးတို.၏ အသရေဖြင့် တင့်တယ်လှသည်ကို မြင်ရသောအခါ စုတ်ပြတ်ပေရေနေသော မိမိအား နှိပ်စက်လိမ့်မည်ဟု အထင်ရောက်သဖြင့် ထွက်ပြေးပါလေတော့၏ ။

သို့ရာတွင် ဖခင်ဖြစ်သူသည်ကား မိမိသားကို မြင်မြင်ချင်း မှတ်မိသွား၏ ။ ထို့ကြောင့် အစေခံများကို စေလွှတ်ကာ သားဖြစ်သူကို ခေါ်ယူစေ၏ ။ ကြောက်ရွံ့ ထိတ်လန့်နေသော သားဖြစ်သူသည် အစေခံများ၏ တရွတ်တိုက် ဆွဲငင်ခေါ်ယူမှုကြောင့် အကြောက်ကြီးကြောက်ကာ သတိမေ့လျော့ သွားလေတော့၏ ။

ထိုအခါ ဖခင်ဖြစ်သူက ၎င်းကိုပြန်လွှတ်လိုက်ရန် အစောင့်များအား အမိန်.ပေးလိုက်၏ ။ သားဖြစ်သူ သူတောင်းစားသည် ၀မ်းမြောက်ဝမ်းသာထပြီး မြို့၏ ဆင်းရဲသားရပ်ကွက်သို. ပြန်သွားလေ၏ ။

ဖခင်ဖြစ်သူ သူဋ္ဌေးကြီးသည် မည်သို့မည်ပုံပြုလုပ်ပါက သားဖြစ်သူ၏ ယုံကြည်ကိုးစားမှုကို ခံယူရပါမည်နည်းဟု အကြံထုတ်ကာ အလုပ်သမားများအား သားဖြစ်သူ သူတောင်းစားကို မိမိအိမ်၌ အယုတ်ညံ့ဆုံး အလုပ်အတွက် ငှားရမ်းရန် စေလွှတ်ခေါ်ယူပြီး အခိုင်းအစေအဖြစ်ထား၍ တစ်ခါတစ်ရံ စကားစမြည် ပြောဆိုပေးခြင်းဖြင့် တဖြည်းဖြည်း အကျွမ်းတ၀င်ဖြစ်အောင် ပြုလုပ်လေ၏ ။

ဤနည်းဖြင့် နှစ်ပေါင်းနှစ်ဆယ်ပတ်လုံး မိမိကိုယ်ကို အဖဟူ၍ မသိစေဘဲ ကုန်လွန်စေ၏ ။ ဖခင်ဖြစ်သူသည် စုတေခါနီးသောအခါ ဆွေမျိုးအားလုံး စုဝေးလာရောက်စေ၍ "အခု ယုံကြည်စိတ်ချရသော အစေခံဖြစ်နေသူ သူတောင်းစားသည် မိမိ၏ သားအရင်းဖြစ်ကြောင်း" ကြေငြာပြောဆိုကာ ပစ္စည်းဥစ္စာအားလုံးကို အမွေလွှဲအပ်ပေးလိုက်လေ၏ ။

ဤနေရာ၌ လူချမ်းသာ သူဋ္ဌေးကြီးဟူသည် ဗုဒ္ဓမြတ်စွာပင်တည်း။ ကြာမြင့်စွာ ပျောက်ကွယ်သွားပြီးမှ ပြန်လည်ဆုံတွေ.ရသော သားဟူသည် လောကသား လူအများပင်တည်း။
(မှတ်ချက်။ အရှင်ဇာဂရာဘိဝံသ မြန်မာပြန် အိန္ဒိယစာပေသမိုင်း စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Sunday, November 23, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၆)

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ပြီဖြစ်သော်လည်း ဗုဒ္ဓကိုလူတို့ မမေ့ကြသေးပေ။ ဗုဒ္ဓအမည်သတင်းသည် ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ပင် ပျံနှံ.ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း သုံးရာ့ခုနစ်ဆယ်တို့၏ ကိုးကွယ်ခြင်းကိုခံရသော ဗုဒ္ဓသည် ယနေ.ထက်တိုင် ဥရောပနိုင်ငံများ၌လည်း ပညာရှင်တော်တော်များများ၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့၏။ (အဒေါ့ထောမက်)

တကယ်တွေ.ရှိရသည့် မှတ်တမ်းမှတ်ရာများအရ တွေးတောမှုဆိုင်ရာ ရှေးရိုးစနစ်မဟုတ်ဘဲ အခြားဘာသာများကို စိန်ခေါ်နေသည့်ဘာသာမှာ ဗုဒ္ဓဘာသာပင်ဖြစ်သည်။ (ဘစ်ရှော့ဂိုးရ်)

ကျူးကျော်တိုက်ခိုက်ခြင်း၊ အမျက်သိုခြင်း၊ အကြမ်းဖက်ခြင်းတို့ လွှမ်းမိုးနေသည် ဤကမ္ဘာဝယ် ဗုဒ္ဓ၏အဆုံးအမတော်သည် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် နေတစ်ဆူကဲ့သို့ တောက်ပနေပေသည်။ ဗုဒ္ဓ၏အဆုံးအမတော်သည် ကမ္ဘာပေါ်တွင် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများရှိနေသည်ထက်ပို၍ လိုအပ်သောအချိန်ဖြစ်သည်။ ထိုအဆုံးအမ၏ မှန်ကန်မှုသည် နှစ်ပေါင်း၂၅၀၀အထိ သက်တမ်းရှည်ရှင်သန်နေခဲ့သည်။ ထာဝစဉ်တည်မြဲသည့် အဆုံးအမကို နှလုံးမူလျက် ယင်းဒေသနာတော်အလင်းရောင်ဖြင့် ကျွန်ုပ်တို့၏ အတွေးအကြံ အပြုအမူများကို ပြုပြင်ကြပါစို.။ အနုမြူခေတ်၏ အမှားများကိုပင် တည်ကြည်သော သမာဓိတရားဖြင့်ရင်ဆိုင်၍ ဟုတ်သောအကြံ မှန်သောအလုပ်တို.ကို တိုးမြှင့်ခြင်းဖြင့် အနည်းငယ်မျှအကူအညီ ရနိုင်ကောင်းပေသည်။ (နေရူး)

ဗုဒ္ဓယဉ်ကျေးမှု၏ အစဉ်အလာမှ ကျွန်ုပ်တို့အတွက် နက်ရှိုင်းသောဗဟုသုတများ ရရှိခဲ့သည်မှာရှင်းပါသည်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာစသည့် လုပ်ငန်းအဆက်ဆက်တွင် ဗုဒ္ဓဘာသာကထုတ်လုပ်ခဲ့သော ယဉ်ကျေးမှုလုပ်ငန်းများမှာ အနောက်တိုင်းယဉ်ကျေးမှု၏ အမြင့်မားဆုံး ထုတ်လုပ်မှုများနှင့် ဘေးချင်းယှဉ်၍ထားနိုင်ပါသည်။ (ခရစ္စမတ်ဟန်းဖရေး)

ဗုဒ္ဓမြတ်စွာတွင် ဒေါသအခိုးအလျှံထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏နှုတ်တော်မှ အကြင်နာမဲ့သောစကား ထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှမရှိချေ။ (ဒေါက်တာအက်စ်ရာဓခရစ်ရှနန်)

ကောင်းမွန်မှန်ကန်လှသည့် ကျွန်ုပ်တို့၏ တွေးခေါ်ကြံဆမှုအားလုံးသည် ဗုဒ္ဓဓမ္မနှင့် ထပ်တူထပ်မျှဆီလျော် ညီညွတ်ပါပေသည်။ ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့၏ ရုပ်ပိုင်းခန္ဓာနှင့်လည်းကောင်း စိတ်ပိုင်းခန္ဓာနှင့်လည်းကောင်း တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေပါလေသည်။ (အိပ်ခ်ျဂျီဝဲလ်)

ှဗုဒ္ဓကို ဗုဒ္ဓဘာသာဝင်များသာ ပိုင်ဆိုင်သည်မဟုတ်ပါ။ လူသားထုတစ်ရပ်လုံး ပိုင်ဆိုင်သည်။ ဗုဒ္ဓ၏ဒေသနာတော်သည် လူတိုင်းနှင့်သက်ဆိုင်သည်။ ဗုဒ္ဓပွင့်တော်မှုပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာသည့် ဘာသာတရားတိုင်းသည် ဗုဒ္ဓထံမှ ကောင်းမွန်သည့် စိတ်ကူးစိတ်သန်းများကို ချေးငှားရယူထားကြသည်။ (မူဆလင်ပညာရှင်တစ်ဦး)

ကျွန်တော့်အနေဖြင့် ကိုယ်ပိုင်ဒဿနအမြင်များကို အမှန်တရားအဖြစ်ထား၍ ပြောရလျှင် ဗုဒ္ဓအယူအဆများသည် အခြားအခြားသော အယူအဆများထက် လေးနက်သည်ဟု ပြောရမည်ဖြစ်ပါသည်။ (ရှော်ပင်ဟောင်ဝါ)

ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦးအနေဖြင့် ဗုဒ္ဓကခေါ်ဆောင်အလင်းပြသော လူသားအလှ၊ လူ့သဘာဝအလှတရားများ နှင့်ပတ်သက်၍ ခြွင်းချက်မရှိ ချီးကျူးဂုဏ်ပြု လက်ခံကြိုဆိုရမည်သာဖြစ်ပါသည်။ ဗုဒ္ဓလမ်းညွှန်ပြတော်မူသော လမ်းစဉ်မှ မိမိဘ၀အတွက် သင်ခန်းစာယူစရာများ များစွာရရှိပါသည်။ (ရယ်နယ်ဂရူးဆက်)

ကျွန်ုပ်တို့သည် ယနေ့အတွေးအခေါ် စွမ်းအားများစွာကို ကြားသိနေရသော်လည်း ဗုဒ္ဓဘာသာသည် ကမ္ဘာ့မျက်နှာစာတွင်ချကြည့်သောအခါ အပြည့်စုံဆုံး၊ အကျိုးအသက်ရောက်ဆုံး စိတ်ဓာတ်လေ့ကျင့်ရေး စနစ်ဖြစ်ကြောင်းသိရသည်။ (အပ်ဒလေရိုက်ထ်)

ဗုဒ္ဓအယူအဆတွင် အနောက်တိုင်းသားများ နားလည်သော ဘုရားသခင်ဆိုသည်မှာမရှိ၊ အကျင့်မပါဘဲ ဆုတောင်းနေရုံဖြင့် အကျိုးမထင်သည့်သဘော၊ လူသားသည် အခြားကိုအားကိုးရန်မလို၊ မိမိ၏လုပ်ရပ်ကိုသာလျှင် အားကိုးအားထားရမည့်သဘောကို ဖော်ပြထားသည်။ အစဉ်အမြဲတည်နေသော ၀ိညာဉ်သဘောကိုလည်း ဗုဒ္ဓအယူအဆတွင် မတွေ့ရပေ။ ဂေါတမဗုဒ္ဓသည် ကမ္ဘာ့အကြီးကျယ်ဆုံးသော နာမ်ဝါဒီများထက် လေးနက်ခိုင်မာသော အတွေးအမြင်နှင့်ကျင့်စဉ်များကို ဖော်ဆောင်ခဲ့သူဖြစ်ပါလေသည်။ (သိပ္ပံပညာရှင်သောမက်စ်ဟတ်စ်လေ)

ဗုဒ္ဓဘာသာသည် အလွန်ရှေးကျသော အယူအဆဖြစ်သည့်အတွက် လူတို့စတင်စိတ်ဝင်စားခြင်း ဖြစ်နိုင်ပါသည်။ သို့သော်ဗုဒ္ဓလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်သည့်အတွက် နေ့စဉ်နေမှု၊ ထိုင်မှု၊ ပြောမှုဆိုမှု နေရာတိုင်းတွင် အကျိုးပြုမှုကိုသုံးသပ်ပြီး ဗုဒ္ဓလမ်းစဉ်နှင့်အညီ ကျင့်ကြံနေထိုင်ခြင်း၏ ကြီးမားသော တန်ဖိုးစစ်အမှန်ကို သိရှိခံစားနားလည်လာကြပါသည်။ (အက်ဒွပ်ကွန်ဇယ်)

ဗုဒ္ဓသည် သမားတော်တစ်ဦးနှင့်တူ၏။ သမားတော်သည် ရောဂါအမျိုးမျိုး၏ လက္ခဏာ၊ ရောဂါ၏ဇစ်မြစ် ကုသရန်ဆေးဝါးနှင့် အသုံးချပုံတို့ကို သိသကဲ့သို့ ဗုဒ္ဓသည်ဆင်းရဲဒုက္ခအဆင့်ဆင့်၊ ဒုက္ခ၏မူလဘူတအကြောင်း၊ ဒုက္ခချုပ်ငြိမ်းမူနှင့် ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဟူသော အရိယသစ္စာလေးပါးကို ဟောကြားတော်မူခဲ့သည်။ (ဒေါက်တာအက်ဒွပ်ကွန့်ဇ်)

ဗုဒ္ဓ၀ါဒသည် နာမ်ပိုင်းဆိုင်ရာ ချင့်ချိန်စဉ်းစားမှု ဒဿနနှင့် ရုပ်ပိုင်းဆိုင်ရာ သိပ္ပံနည်းကျဒဿနတို့ ပေါင်းစပ်ထားသော သဘောတရားဖြစ်သည်။ သိပ္ပံနည်းပညာကို အထောက်အကူပြုသည့်အပြင် ကျိုးကြောင်းဆင်ခြင်မှုဟူသည့် အန္တိမအမှန်တရားကိုလည်း ဖော်လှစ်ခဲ့လေသည်။ (ဘာထရန်ရပ်ဆဲလ်)

ယုံကြည်စွာ လိုက်နာကျင့်သုံးနိုင်သည့် ဒေသနာတော် တစ်ခုရှိသည်။ ဘာသာ၊ ယဉ်ကျေးမှုနှင့်အယူဝါဒများ လောကတွင် ဤကဲ့သို့ ထွန်းလင်းတောက်ပသည့် အသိပညာရှင်ကို မည်သည့်နေရာတွင် တွေ့ရှိနိုင်ပါအံ့နည်း။ ကျော်စောထင်ရှားသူများတွင် မဟာ့မဟာစွမ်းအားရှင် တစ်ဦးဖြစ်သည်။ သိပ္ပံပညာရှင်များ ဒဿနိကပညာရှင်များနှင့် စာပေပညာရှင်များက မွေးဖွားလေသမျှတွင် အမြင့်မြတ်ဆုံးလူသားအဖြစ် ဖော်ကျူးကြသည်မှာ စိုးစဉ်းမျှအံ့ဩဖွယ်ရာ မရှိပါပေ။ မြတ်ဆရာ၏တောက်ပသော ရောင်ခြည်တော်သည် လူသားတို့၏ လမ်းညွှန်အလင်းပေးသည့် အထိမ်းအမှတ်မီးတိုင်ပမာ ဆင်းရဲဒုက္ခနှင့် အမှောင်လောကကို ဆုံးခန်းတိုင်စေခဲ့သည်။ (ဥရောပစာရေးဆရာတစ်ဦး)

ဗုဒ္ဓဘာသာရောက်ရှိသော နိုင်ငံများ၌ ယဉ်ကျေးမှုအဖြာဖြာ တိုးတက်ခဲ့ကြောင်း သမိုင်းကသက်သေခံသည်။ ယခုခေတ်၌ အနောက်နိုင်ငံများသို့ ဗုဒ္ဓဘာသာ ပျံ့နှံ့ထွန်းကားလျှင် ယဉ်ကျေးမှုထွန်းကားမည် ဖြစ်သည်။ (ဒွိုက်ဂေါဒတ်)

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကျမ်းစာတစ်အုပ် (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးတစ်ရောက်၏ အစေခံလည်းမဟုတ်၊ ဗုဒ္ဓ၏ နောက်လိုက်တပည့်ဖြစ်လာခြင်းဖြင့် မိမိ၏အတွေးအခေါ် လွတ်လပ်မှုကို အဆုံးရှုံးအနစ်နာလည်း မခံရပေ။ လူတိုင်းဘုရားဖြစ်နိုင်သဖြင့်ကိုယ်တိုင်ဘုရားအဖြစ် ရရှိရန်ကိုပင် ကိုယ်ပိုင်လွတ်လပ်မှုဖြင့် လေ့ကျင့်ကာ အသိပညာ တိုးပွားစေနိုင်သည်။ (ဆရာတော်နာရဒမဟာထေရ)

ဗုဒ၏ အယူအဆများကို လက်လှမ်းမီသရွေ့ ဖတ်ရှုလေ့လာ ကြည့်မိသည့်အခါ ကျွန်တော်ကောင်းစွာ သဘောပေါက်လာပါသည်။ လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ကျော်ကပင် ဗုဒ္ဓသည် စိတ်ပိုင်းဆိုင်ရာပြဿနာများကို မျက်မှောက်ခေတ် ကမ္ဘာကျော် စိတ်ပညာရှင်ကြီးများ သိရှိနားလည်ထားသည်ထက် ပိုမိုနက်ရှိုင်းပြီး ပိုမိုကျယ်ပြန့်လေးနက်စွာ သိရှိခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရှေ့တိုင်း၏ စိတ်ပိုင်းဆိုင်ရာ ပညာများကို ရှေးမဆွကပင် တွေ့ရှိခဲ့ပြီး ပြန်လည်တွေ့ရှိနေခြင်းသာ ဖြစ်ပါသည်။ (ဒေါက်တာဂရာဟင်ဟိုစဲ)

ဗုဒ္ဓဘာသာဝင်တို့၏ ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များသည် ရာစုနှစ်ပေါင်းများစွာ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ်)

ပါဠိမှအင်္ဂလိပ်သို့ ဘာသာပြန်ဆိုရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည့် ပထမဆုံးပညာရှင်များတွင် ပါဝင်သည့် တစ်ဦးသောသူမှာ နာမည်ကျော် ခရစ္စယာန်ဓမ္မဆရာကြီး၏သားဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာထက် ခရစ္စယာန်ဘာသာက ပိုမိုမြင့်မြတ်ကြောင်း သက်သေထူရန်ဖြစ်သည်။ သူ့ရည်မှန်းချက် အထမမြောက်ခဲ့သော်လည်း မျှော်လင့်ထားသည်ထက် ကြီးမားသောအောင်မြင်မှုကို ရလိုက်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာရခြင်းပင် ဤလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ရန် တွန်းအားပေးခဲ့သည့် အခွင့်သင့်မှုကို ဘယ်သောအခါမှ မမေ့သင့်ပေ။ ယင်းဘာသာပြန်ဆိုမှု လုပ်ငန်းဖြင့် အနောက်နိုင်ငံသား ထောင်ပေါင်းများစွာတို့အား အဖိုးအနဂ္ဃထိုက်သော ဓမ္မအကျိုးကို ရရှိစေနိုင်ခဲ့သည်။ ယင်းပညာရှင်ကြီး၏အမည်မှာ ပါမောက္ခရီးဒေးဗစ်ဖြစ်သည်။ (ဆရာတော်အေမဟိန္ဒ)

Saturday, November 15, 2008

ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများ(၁)

မေး။ ဗုဒ္ဓဘာသာသည် အလွန်ကောင်းပါလျက် ဗုဒ္ဓဘာသာဝင်များနေထိုင်သည့် အချို့သောနိုင်ငံများသည် အဘယ်ကြောင့် ဆင်းရဲကြပါသနည်း။

ဖြေ။ ဆင်းရဲခြင်းဆိုသည်မှာ စီးပွားရေးအရ ဆင်းရဲချို.တဲ့ခြင်းကို ရည်ညွှန်းသည်ဆိုပါလျှင် အချို့သောဗုဒ္ဓဘာသာနိုင်ငံများသည် ဆင်းရဲကြသည် ဆိုသည်မှာ မှန်ကန်ပါသည်။ သို.သော် ဆင်းရဲခြင်းဆိုသည်မှာ ဘ၀အရည်အသွေး နိမ့်ကျခြင်း ဖြစ်သည်ဟု ရည်ညွှန်းခဲ့လျှင် အချို.သော ဗုဒ္ဓဘာသာနိုင်ငံများသည် အလွန်.အလွန်အေးငြိမ်း၊ ချမ်းသာကြသည်ကို တွေ.နိုင်ပါသည်။ နမူနာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးအရ ကြွယ်ဝချမ်းသာပြီး အင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို.သော် လူသတ်မှုနှုန်းထားမှာ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအ၀င် ဖြစ်နေပါလေသည်။ သန်းပေါင်းများစွာသော သက်ကြီးရွယ်အို၊ အဘိုးအဘွား၊ အမိအဖတို့မှာ သားသမီးမြေးမြစ်များက ပြန်လည်စောင့်ရှောက်ခြင်း မပြုဘဲ ပစ်ပယ်ထားကြသဖြင့် လူအိုရုံများတွင် အထီးကျန်ဘ၀နှင့်နေရင်း သေကြရပါသည်။ အကြမ်းဖက်မှုများနှင့် ကလေးသူငယ်၊ လူမမည်များအား နှိပ်စက်ညှင်းပန်းမှုတို.သည် အဓိက ပြဿနာကြီးများပင် ဖြစ်နေပါသည်။ အိမ်ထောင်သုံးခုတွင် တစ်ခုမှာ ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်နေပါသည်။ ညစ်ညမ်းသော စာပေများ၊ မဖွယ်မရာ ပုံများမှာ လွယ်လွယ်ကူကူရနိုင်၊ မြင်တွေ.နိုင်ပါသည်။ ပစ္စည်း၊ ငွေကြေးအားဖြင့် ကြွယ်ဝချမ်းသာသော်လည်း ဘ၀အရည်အသွေးအားဖြင့် ဆင်းရဲနိမ့်ကျလှပါသည်။ မြန်မာနိုင်ငံကိုနမူနာ ယူကြည့်ပါ။ စီးပွားရေးအားဖြင့် နောက်ကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူကြီးမိဘများအား သူတို.၏ သားသမီးများ၊ လူငယ်များက ဂုဏ်ပြုလေးစားကြသည်။ လူသတ်မှုနှုန်းမှာလည်း အလွန်နိမ့်ကျပါသည်။ လင်မယား ကွာရှင်းပြတ်စဲခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းစသည်တို့မှာ မကြားရလောက်အောင် နည်းပါးလှပါသည်။ အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်မှုများလည်း မကြားရပါ။ ညစ်ညမ်းသောစာပေ၊ မဖွယ်မရာ ရုပ်ပုံများ၊ လိင်မှုရေးရာ အပျော်ခန်းလိုင်စင် စသည်တို့မှာ ရှိပင်မရှိပါ။ စီးပွားရေးအားဖြင့် နောက်ကျသည်မှန်သော်လည်း ဘ၀ အရည်အသွေးအားဖြင့် ပြောလျှင် အမေရိကန်နိုင်ငံထက်ပင် သာလွန်သည်ဟု ပြောနိုင်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံများကို စီးပွားရေးမှတ်ကျောက် တစ်ခုတည်းပေါ်မှာပင် တင်ကြည့်လိုသည်ဆိုလျှင် ဂျပန်နိုင်ငံကို ဖော်ညွှန်းပြရပါလိမ့်မည်။ ဂျပန်လူဦးရေ၏ ၉၃ ရာနှုန်းသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်ဟု သတ်မှတ်ပြောဆိုကြပါသည်။ ထို ဂျပန်နိုင်ငံသည် စီးပွားရေးအားဖြင့် ပြောရလျှင် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံး၊ အချမ်းသာဆုံး၊ အကြွယ်ဝဆုံးနှင့် အတက်ကြွဆုံးသော နိုင်ငံများတွင် တစ်နိုင်ငံဖြစ်ပါသည်။

မေး။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုပြီးဖြစ်၍ သူ.အနေဖြင့် လူသားများအား မည်ကဲ့သို. အကျိုးပြုနိုင်၊ ကူညီနိုင်ပါ့မလဲ။

ဖြေ။ လျှပ်စစ်ဓာတ်အားကို ရှာဖွေတွေ.ရှိခဲ့သူ ဖာရာဒေးသည် ကွန်လွန်ခဲ့ပြီး ဖြစ်ပါသည်။ သို.သော် သူ၏ ရှာဖွေတွေ.ရှိမှုသည် ယနေ.တိုင်အောင် လူသားများအတွက် အကျိုးပြုနေဆဲပင် ဖြစ်ပါသည်။ ရောဂါတော်တော်များများအတွက် ကုထုံးကို ရှာဖွေတွေ.ရှိခဲ့သူ လူးဝစ်(စ်)ပါစတာသည် ကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်။ သို.သော် သူ၏ ရှာဖွေတွေ.ရှိချက်များသည် ယနေ.တိုင်အောင် လူသားများ၏ အသက်ပေါင်းများစွာကို ကယ်တင်ပေးနေဆဲပင် ဖြစ်ပါသည်။ ဂန္တ၀င်မြောက် ပန်းချီ အနုပညာလက်ရာများကို ဖန်တီးပေးခဲ့သူ လီယိုနာဒိုဗင်စီ သည်လည်း ကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်။ သို.သော် သူ၏ လက်ရာများသည် ယနေ.တိုင် ရှုမြင်ရသူများ၏ စိတ်နှလုံးကို တက်ကြွစေပြီး ချမ်းမြေ့ပျော်ရွှင်မှုကို ပေးဆောင်နိုင်စွမ်းရှိဆဲပင် ဖြစ်ပါသည်။
မြင့်မြတ်သော ပုဂ္ဂိုလ်ထူးများနှင့် အာဇာနည် သူရဲကောင်းကြီးများသည်လည်း ရာစုနှစ်ပေါင်းများစွာကပင် ကွန်လွန်ခဲ့ကြပြီး ဖြစ်ပါသည်။ သို.သော် သူတို.၏ လုပ်ရပ်များနှင့် ဆောင်ရွက်ချက်များကို ဖတ်ရှုလေ့လာရသောအခါတွင် သူတို.ကဲ့သို့ပင် ကိုယ်တိုင် ပြုလုပ်ဆောင်ရွက်လိုသောစိတ်များ တဖွားဖွား ပေါ်ပေါက်နေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုခဲ့သည်မှာ မှန်ပါသည်။ သို.သော် ဖြတ်သန်းခဲ့ပြီးသော နှစ်ပေါင်း ၂၅၀၀ အထိ ဗုဒ္ဓ၏အဆုံးအမတို.သည်လူသားများအား အကျိုးပြုနေခဲ့ပါသည်။ အကျိုးပြုနေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓ၏ စံနမူနာသည် လူသားများအား လှုံ.ဆော်အားအပြည့်ဖြင့် တွန်းအားပေးနေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆိုအမိန်.စကားများသည် လူသားများ၏ ဘ၀ကို ကောင်းအောင် ပြုပြင်ပြောင်းလဲပေးနေဆဲပင် ဖြစ်ပါသည်။ ကွယ်လွန်ပြီးနောက် ရာစုနှစ်ပေါင်း ရှည်ကြာများပြားစွာ လူသားများ အကျိုးကို ပြုနိုင်သော အစွမ်းသတ္တိမှာ ဗုဒ္ဓမှာသာလျှင် ရှိပါသည်။
(မှတ်ချက်။ ဩစတြေးလျလူမျိုး ထေရ၀ါဒ၊ ဗုဒ္ဓရဟန်းတော် V.S Dhammika ၏ ဖြေကြားချက်များကို ဆရာကြီးဒေါက်တာသိန်းလွင် ဘာသာပြန်ထားပါသည်။)

Sunday, November 9, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၅)

ဗုဒ္ဓဘာသာသည် လက်ဝါးနှင့်တူ၍ အခြားဘာသာများကား လက်ချောင်းနှင့်တူပေသည်။ (သဂရိတ်ခန်းမွန်ဂါ)

ဗုဒ္ဓဘုရားရှင် မည်သည့်အခါမျှ သက်ရှိထင်ရှားမရှိခဲ့ကြောင်း သက်သေပြနိုင်ခဲ့သော်မှ ဗုဒ္ဓဘာသာသည် ကျန်ရှိနေဦးမည်သာတည်း။ (ခရစ္စမတ်ဟမ်းဖရေးစ်)

ဗုဒ္ဓ၏ ဟောကြားချက်များတွင် ထင်မြင်ချက်အဖြစ် ကျွန်ုပ်တို့ ခေါ်ဆိုနိုင်သည့်အရာ အနည်းငယ်ရှိပေသည်။ ထိုခေတ်က အလွန်တွေ့ကြုံရခဲပြီး ကျွန်ုပ်တို့ခေတ်တွင် သာမညမဟုတ်သော အမြင်ကျယ်မှုမျိုးဖြင့် ပိုင်းခြားဝေဖန်မှုကိုပိတ်ပင်ရန် ဗုဒ္ဓက ငြင်းဆိုခဲ့သည်။ စိတ်ဓာတ်ကျဉ်းမြောင်းမှုသည် ဗုဒ္ဓအတွက် ဘာသာတရား၏ အကြီးမားဆုံးရန်သူ ဖြစ်ဟန်ရှိပေသည်။ (ဒေါက်တာအက်စ်ရာဒခရစ်ရှနန်)

ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်သည် အပြစ်အနာအဆာကင်း၏၊ ဗုဒ္ဓ၏ အာဇာနည်စိတ်​ဓာတ်ရှိမှု၊ ကိုယ်ကျိုးမငဲ့မှု၊ မေတ္တာဓာတ်ကြီးမားမှုနှင့် စိတ်နှလုံး နူးညံ့သိမ်မွေ့မှုများတွင် စံပြပုဂ္ဂိုလ်မြတ်ဖြစ်ပါပေသည်။ (စိန့်ဟီလီးယား)

ဗုဒ္ဓသည် လူသားတို့၏ မေတ္တာရှင်အဖြစ် လမ်းထွင်သူတစ်ဦးဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်တက်သည့် ထူးကဲသောဥာဏ်တော်သည် ထက်သန်သောဝီရိယ တောက်ပသည့်အရည်အသွေးတို့နှင့် တစ်ခုတည်းပေါင်းစပ်ခဲ့သည်။ အသိပညာဖြန့်ဖြူးမှုကို ကသုတ်ကရက်ဆောင်ရွက်လျက် နှစ်ပေါင်း၂၅၀၀ကြာပြီးနောက် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မေ့လျော့နေခွင့်မရှိတော့ပေ။ သူ့ပညာသည် သူပေးသည့်ဥပမာထက် ပိုမိုမြင့်မားပုံပေါ်သည်။ (မောနိဘက်ဂီ)

ဗုဒ္ဓဘာသာကို ဘာသာတရားတစ်ရပ်အနေဖြင့် ဆိုရမည်ထက် လျှောက်လှမ်းရမည့် ဘ၀လမ်းကြောင်းအဖြစ် ပို၍ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းတို့သည် စိတ်၏လုံခြုံမှု စိတ်၏ငြိမ်းချမ်းမှုကို ရရှိစေပါသည်။ (ဦးသန့်-ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း)

နိဝါတ တရားကိုလက်ကိုင်ထားသည့် ဗုဒ္ဓ၏နောက်ပါတပည့်များသည် ကံကောင်းကြပါပေစွ၊ သူတို့သည် ကနဦးကပင် အမှားယွင်းကင်းစွာဖွင့်ဆိုသည့် စာအုပ်တစ်အုပ်၏ မှားယွင်းသည့်အယူကို အမွေဆက်ခံသူများ မဟုတ်ကြပါ။ (ဆရာတော်ပါမောက္ခအာနန္ဒကောသလျာဏ)

ကျွန်ုပ်သည် ဂေါတမဗုဒ္ဓကဲ့သို့ ကိုယ်ကျင့်တရားရှိသော ပုဂ္ဂိုလ်မြတ်တို့အား မြင်လိုပါ၏ ရှင်တော်ဗုဒ္ဓသည် မိမိအသက်ကို အခြားသူတစ်ပါးတို့အတွက် စွန့်လွှတ်ရန် အမြဲတမ်းအဆင်သင့် ရှိနေပါ၏။ အခြားသတ္တ၀ါများအတွက် တစ်ဘ၀လုံး အလုပ်လုပ်ခဲ့၏။ စဉ်းစားစိတ်ကူးခဲ့၏။ တောထွက်တရားကျင့်ခဲ့သည်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပေ။ ကမ္ဘာကြီးတစ်ခုလုံး လောင်မီးနှင့်မြှိုက်မြှိုက် ဖြစ်နေသည်ကိုသူသိ၏။ အဘယ်ကြောင့် ဤကမ္ဘာကြီးတွင် ဤမျှအထိ ဒုက္ခတို့ဖြင့် ပြွမ်းနေရပါသနည်း ဟူသောမေးခွန်းသည် သူ့ဘ၀တစ်ခုလုံးကို လွှမ်းမိုးနေသော မေးခွန်းဖြစ်ပါလေ၏။ (ဟိန္ဒူဘုန်းတော်ကြီးဆွာမိဝိဝေကာနန္ဒ)

အနုပညာဆန်စွာ ထာဝရနုပျိုလျက် ဆုံးမသွန်သင်သည့်ဟန်ဖြင့် လက်ယာလက်ကိုမြှောက်ချီ၍ ဖြူစင်သည့်ကြာပန်းပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မှုပုံသည် စကားနှစ်ခွန်း၏အဖြေကို ပေးနေသယောင်ရှိချေသည်။ ခံစားမှုဒုက္ခအပေါင်းမှ လွတ်မြောက်လိုလျှင် ပညာနှင့်ကရုဏာကို လက်တွေ့ကျင့်သုံးပါဟူ၍။ (အနာတိုလေဖရန်စစ်)

ဗုဒ္ဓမြတ်စွာသည် လူသားများကို ကြင်နာမှုအပြည့်ဖြင့် လူတန်းစားမခွဲခြားဘဲ တစုတဝေးတည်း စုဝေးလှုပ်ရှား နိုင်စေခြင်း၌လည်းကောင်း၊ အောက်ဆုံးလွှာဝိုင်းပယ်ခံ လူတန်းစားများကို ဘုရင့်စားတော်ဆောင်သို့ ခေါ်ဆောင်နိုင်ခဲ့ခြင်း၌လည်းကောင်း ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပါပေသည်။ (မဒမ်ဗလာဘက်စကီး)

ယနေ့ ဗုဒ္ဓဓမ္မဟူသော ဒေသနာများသည် အချိန်ကြာညောင်းမှု အသိပညာကျယ်ပြန့်မှုကြောင့် ထိခိုက်မှုမရှိဘဲ မူလဟောစဉ်ကကဲ့သို့ နဂိုအတိုင်းတည်ရှိပေသည်။ သိပ္ပံဆိုင်ရာ အသိပညာများ မည်သို့တိုးတက်သည်ဖြစ်စေ ထပ်မံတွေ့ရှိချက်များကို လက်ခံနိုင်မှု၊ အလားတူတွေ့ရှိချက်များအတွက် ကဏ္ဍတစ်ရပ်ဖြစ်သည့် ဓမ္မဘောင်အတွင်းတွင် လူသား၏ အသိဥာဏ်နယ်နိမိတ်ကို တိုးချဲ့နိုင်သည်။ မှုလဘူတစိတ်၏ ကျဉ်းမြောင်းသော ယေဘုယျသဘောအပေါ်တွင် ယင်း၏တောင်းပန် တိုးလျှိုးမှုကိုလည်း မှီခိုအားထားမှုမပြု၊ အတွေးအခေါ်၏ ဆန့်ကျင်ဘက်အပေါ်တွင် ယင်း၏စွမ်းအားကိုလည်းမှီခိုမှုမရှိပေ။ (ဖရန်စစ်စတော်ရီ)

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောထွက်ပေါက်မှာ ဂေါတမဗုဒ္ဓ၏ ဩ၀ါဒကို လိုက်နာခြင်းပင်ဖြစ်ပါသည်။ (နေရူး)

ဗုဒ္ဓဘာသာအနေဖြင့် ဥရောပတိုက်သားများကို ဆွဲဆောင်နိုင်ခြင်းမှာ ထိုဗုဒ္ဓဘာသာ၏ အကြောင်းပြချက်များနှင့် အမှားအမှန်ကို ဝေဖန်မှုများကြောင့်ဟုယုံကြည်မိပါသည်။ ဗုဒ္ဓတရားတော်၏ ယခုအထိ ခိုင်ခိုင်ခံ့ခံ့ရှိနေသော သုတေသန ပြုလုပ်ထားပုံတို့မှာ အနောက်နိုင်ငံများတွင် သိပ္ပံပညာကို သုတေသနပြုလုပ်ထားပုံများထက်ပို၍ လက်တွေ့ကျနေပါပေသည်။ (ပါမောက္ခဂျက်ကွိစ်မာတင်)

ဗုဒ္ဓသည် စိတ်နှလုံးမြင့်မြတ်၍ သိမ်မွေ့နူးညံ့၏။ မိမိယုံကြည်ချက်အတွက် ဘာမဆိုစွန့်ရဲသော ယောက်ျားအာဇာနည်တို့၏ နှလုံးရည်တို့နှင့်ပြည့်စုံ၏။ သီလသမာဓိအရာ၌ အခြားသူများထက်မြင့်မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွန်းခဲ့သောဗုဒ္ဓသည် ဆယ့်ကိုးရာစုခေတ်ရောက်ကာမှ သိပ္ပံပညာရှင်တို့ တွေ့သိကြရသော အချက်များကို ကြိုတင်သိမြင်ခဲ့၏။ လွတ်လပ်စွာတွေးခေါ်မှုကို လိုလား၍ ယခုကာလ သိပ္ပံပညာရှင်တို့ကဲ့သို့ လွတ်လပ်စွာဆင်ခြင် စဉ်းစားတက်သူဖြစ်၏။
(ခရစ်ယာန်ဘုန်းတော်ကြီးအဒေါ့ထောမက်)

သေခြင်းနှင့်မွေးဖွားခြင်းတို့၏ ခြားနားခြင်းသည် စိတ္တက္ခဏ တစ်ခုသာဖြစ်ပါသည်။ ဤဘ၀၏ နောက်ဆုံးစိတ္တက္ခဏ(စုတိစိတ်)သည် နောက်ဘ၀၏ ပထမဦးဆုံး စိတ္တက္ခဏ(ပဋိသန္ဓေစိတ်) ပေါ်ပေါက်စေရန် အကြောင်းခံဖြစ်သဖြင့် စိတ်အစဉ်တစ်ဆက်တည်းသာ ဖြစ်သည်။ ဤတစ်သက်တာ ဘ၀၌ပင်လျှင် ရှေ့စိတ္တက္ခဏသည် နောက်စိတ္တက္ခဏဖြစ်ပေါ်ရန် ဖန်တီးပေးလေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာရှုထောင့်မှ သေသည်၏နောက်၌ဖြစ်ပေါ်ရသော ဘ၀အကြောင်းသည် နက်နဲလျှို့ဝှက်သည့် ကိစ္စရပ်မဟုတ်ရကား ယင်းပြဿနာနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဝင်တစ်ရောက်အနေဖြင့် ပူပန်စိုးရိမ်ခြင်း မရှိလှပေ။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

အိန္ဒိယသည် အနောက်တိုင်းစိတ်ပညာရှင်များထက် ပို၍စောပြီး မသိစိတ်ကိုတွေ့ရှိခဲ့သည် ဟုဆိုနိုင်သည်။ ၎င်းတို့အတွက်မသိစိတ်သည် သူတို့၏အတိတ်ဘ၀မှ အမွေခံအဖြစ် ပုဂ္ဂိုလ်အသီးသီး၏ သန္တာန်ဝယ် ကိန်းဝပ်နေသည့် အစွဲအလန်းများနှင့် လုံးဝညီညွတ်ပေသည်။ ငုတ်လျှိုးနေသည့် အင်အားများနှင့်ဆက်စပ်သော ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းဘာဝနာ နည်းပညာသည် ခေတ်သစ်စိတ်ဝိညာဉ် ခွဲခြမ်းစိတ်ဖြာရေး စိတ်ဓာတ်လေ့ကျင့်ရေး စသည်တို့၏ ရှေ့ပြေးပင်ဖြစ်သည်။ (ပါမောက္ခဗွန်ဂလပ်ဆင်းနက်ပ်)

ဘာသာတရားတို့၏မိခင် အတွေးအမြင်ကြွယ်ဝသည့် အရှေ့တိုင်းနိုင်ငံများသည် စင်စစ်လျှို့ဝှက်ဖုံးကွယ်တက်သော်လည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့အား မှန်ကန်စွာဖွင့်ဆိုမှုပေးပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား လူ့သဘာဝအတွင်းပိုင်းတွင် တည်ရှိနေသည့် ကိုယ်ကျင့်တရားအလှနှင့် ဖြူစင်မှုကိုသိရှိစေသောကြောင့် ဖြစ်သည်။ (ချားလ်စ်တီဂေါ်ဂင်)

ကမ္ဘာ့ဘာသာကြီးအားလုံးတို့အနက် ဗုဒ္ဓဘာသာတစ်ခုတည်းသာလျှင် ညှင်းဆဲနှိပ်စက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ခုံရုံးတင်၍စစ်ဆေးခြင်း မရှိဘဲ တိုးတက်လာခဲ့သည်။ (ဟက်စလေ)

ဤကမ္ဘာတွင် ဗုဒ္ဓသည် ထာဝရတည်မြဲ၍ တန်ဖိုးရှိသော သစ္စာတရားတို့ကို ဖော်ထုတ်ခဲ့သည်။ အိန္ဒယနိုင်ငံသားတို့ကိုသာမက လူသားထုတစ်ရပ်လုံးကိုပါ စာရိတ္တတရား မြင့်မားတိုးတက်စေခဲ့သည်။ ဗုဒ္ဓသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး လူသားစာရင်းဝင် တစ်ဦးဖြစ်သည်။ (အဲလ်ဘတ်ဆွစ်ဇာ)

ဗုဒ္ဓဘာသာသည် လူ့သမိုင်းတွင် လူထုလွတ်မြောက်ရေးအတွက် အဆုံးအမနှင့်တကွ ပထမဦးဆုံးသာသနာပြု ဘာသာတရားဖြစ်သည်။ ဗုဒ္ဓသည် ကမ္ဘာပေါ်တွင် ဘုရားရှင်ဖြစ်တော်မှုပြီးနောက် လူသားထု၏ ကောင်းကျိုးချမ်းသာအလို့ငှာ တရားဟောရန် တိုက်တွန်းမှာကြားလျက် တပည့်၆၁ပါးတို့ကို အရပ်ဒေသအသီးသီးသို့ စေလွှတ်ခဲ့သည်။ (ဒေါက်တာကေအန်ဇယတိလ္လေကေ)

Monday, November 3, 2008

မသေခင်ဘာလုပ်ကြမလဲ(၁)

အောက်တိုဘာလက Blogger အများစု ချစ်ခင်လေးစားရတဲ့ မ၀ါဝါခိုင်မင်းရဲ. မွေးနေ.ကျရောက်ပါတယ်။ ဒီတော့မှ ကျွန်တော်လည်း ကျွန်တော့်မွေးနေ.ကို သတိရပါတော့တယ်။ နိုဝင်ဘာ(၂၀)ဆိုရင် ကျွန်တော်လည်း အသက်၂၃နှစ်တိတိ ပြည့်ပြီဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ပျဉ်းမျှအားဖြင့် ရက်ပေါင်း(၂၀၀၀၀) အသက်ရှင်နေရမယ်ဆိုရင် ကျွန်တော် မောင်ရဲကြီးတစ်ယောက် လူ့ဘ၀ဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ အချိန်အတော်ကြာ ပါဝင်တင်ဆက်ပြီးပါပြီ။ မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့သလို ဇာတိ၊ ဇရာ၊ မရဏဆိုတာ နေထွက်ချိန် နေ၀င်ချိန် လိုပါ၊ အခု လူ့ဘ၀ကို ရောက်လာပြီး မကြာလှတဲ့ အချိန်အတွင်းမှာ ပြန်လည်ထွက်ခွာရမှာ ဖြစ်ပါတယ်။ ရွှေမင်းဝံ ဆရာတော်ဘုရားကြီး ရေးစပ်တော်မူတဲ့ 'သေလျှင်ခြောက်ချက်' ဆိုတဲ့ လင်္ကာလေးကလည်း ကျွန်တော်တို့ကို အောက်ပါအတိုင်း သတိပေးထားပါတယ်။

၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ် ငတ်၍ သေပါလိမ့်မည်။
၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြောမည်မျှကောင်းသည် ဆိုစေကာမူ အ၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ခင်သူ မည်မျှများသည် ဆိုစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်။

ဘ၀နေ၀င်ချိန် ရောက်ရှိလာသောအခါ မြင့်မြတ်သောတရားမှလွဲ၍ မည်သည့်အရာကမျှမိမိအား ကူညီနိုင်လိမ့်မည် မဟုတ်ပါ။ လူအများနေထိုင်သည့်အတိုင်း မေ့မေ့လျော့လျော့ နေထိုင်မိခဲ့လျှင် နောင်တကြီးစွာ ရရှိရပေလိမ့်မည်။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ အောက်ပါ ဩ၀ါဒလင်္ကာလေးကို ဆင်ခြင်ကြည့်ပါ။

အိုရမည့်ဘေးမရောက်သေး မျှော်တွေးဆင်ခြင်ပါ၊
မအိုသေးခင်တရားဝင် အဆင်ပြေလှသည်၊
အိုသောအခါတွင်တရားဝင် အဆင်မပြေပြီ၊
အိုသောခါမှတရားမရ မှားကြပါလိမ့်မည်။

လူတစ်ယောက်ဖြစ်ဖို့ ခဲယဉ်းလှပါသည်။ လူဖြစ်လျှင်လည်း အသက်ရှင်ဖို့ ခဲယဉ်းပါသည်။ ဗုဒ္ဓသာသနာနှင့် ကြုံတွေ့ရဖို့ သာ၍ပင် ခဲယဉ်းလှပါသည်။ ယခု ထိုအရာအားလုံး ပြည့်စုံနေသည့်အချိန် ဖြစ်နေပါသည်။ ဤအချိန်တွင် အမြတ်ဆုံးပန်းတိုင်သို့ ရောက်ရှိသင့်လှပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားရပါဦးမည်။

Sunday, November 2, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၄)

ခရစ်ယာန်ဘာသာကို ကျွန်ုပ်လက်ခံ ယုံကြည်နိုင်ခြင်း မရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် တစ်စုံတစ်ခုသောဘာသာကို လက်ခံရန်အကြာင်းများ ပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့်ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပါသည်။ (ဘာထရန်ရပ်ဆယ်လ်)

ကျွန်ုပ်သည် ရှေးရိုးစဉ်လာ ဘာသာတရားတစ်ခုကိုမျှ လက်ခံသူမဟုတ်ပါ။ သို့သော် အာဏာပိုင် တစ်ဦးဦးက ဘာသာတစ်ရားတစ်ခုကို မယူမနေရယူရမည်ဟု အကျပ်ကိုင်လာပါလျှင် ဗုဒ္ဓဘာသာကိုယူပါမည်။ (ဘာထရန်ရပ်ဆယ်လ်)

ဂျိန်းဘာသာနှင့် အခြားဘာသာများသည် အိန္ဒိယစာပေလောကကို များစွာအကျိုးပြု စေခဲ့သော်လည်း ဗုဒ္ဓဘာသာတစ်ခုတည်းသာလျှင် ကမ္ဘာ့ဘာသာကြီး တစ်ရပ်အဖြစ် အိန္ဒိယပြည် နယ်နိမိတ် အပြင်ဘက်သို့ ဝေးလံစွာထိုးဖောက် ကျော်ထွက်၍ အိန္ဒိယ အရှေတိုင်း နိုင်ငံများတွင်ရော အနောက်တိုင်းနိုင်ငံများတွင်ပါ ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးခဲ့ပါလေသည်။ တစ်နည်းအားဖြင့်ဆိုသော် အိန္ဒိယနိုင်ငံသားများကို အခြားနိုင်ငံသားများနှင့် ဆက်သွယ်မိအောင် ရှေးကထက်ပို၍ လုပ်ခဲ့သည်မှာလည်း ဗုဒ္ဓဘာသာပင် ဖြစ်ပါလေသည်။ (ပါမောက္ခဒေါက်တာမောရစ်ဝင်တာနစ်)

ဗုဒ္ဓတရားတော်သည် တန်ခိုးရှင် ဖန်ဆင်းရှင် ရှိသည်ဟု ယုံကြည်သောတရားမဟုတ်၊ ဆုတောင်းရုံမျှဖြင့် ပြည့်စုံသော တရားမဟုတ်၊ တရားသေ၀ါဒကို အားပေးသောဝါဒမဟုတ်၊ ပြန်လည်စောဒက တက်ခွင့်မရှိသော ဘာသာမဟုတ်၊ စဉ်းစားဆင်ခြင် ဥာဏ်ပေါ်တွင် အခြေတည်သော ဘာသာဖြစ်သည်။ ဆင်ခြင်တုံတရားကို အခြေပြုသည့် သဘောတရားများပါဝင်သော ဘာသာတရားဖြစ်သည်။ တစ်ဖန်သဘောတရားမျှသာမဟုတ်၊ လက်တွေ့ပါ ကျင့်ကြံအားထုတ်ရသော တရားဖြစ်သည်။ (အရှင်မြတ်အာနန္ဒမေတ္တယျ)

စိတ်တည်ကြည်မှုနှင့် သတ္တ၀ါအားလုံးအပေါ် မြတ်နိုးမှုကို ဗုဒ္ဓနှစ်သက်တော်မူသည်။ ဗုဒ္ဓသည် အပြစ်ဟူသော Sin ကိုမဟောပါ၊ အသိဥာဏ်ကင်းမဲ့မှုနှင့် တွေဝေမိုက်မဲမှုတို့ကိုသာ ဟောကြားပြီး ယင်းတို့ကို အသိပညာ ကရုဏာတို့ဖြင့် ကုစားနိုင်ကြောင်းကိုသာ ဟောကြားတော်မူသည်။ (ဒေါက်တာအက်စ်ရာဓခရစ်ရှနန်)

ပဋိစ္စသမုပ္ပာဒ်၊ လက္ခဏာရေးသုံးပါး တရားများဖြင့် အခြေခံထားသော ဗုဒ္ဓတရားတော်သည်သာလျှင် သိပ္ပံနည်းဖြင့် အစစ်ဆေးခံနိုင်သည်။ မှတ်ကျောက်အတင်ခံနိုင်သည်။ ယခုလည်း မည်သူမျှ ငြင်းဆိုမရ၊ နောင်လည်း မည်သူမျှ ငြင်းဆို၍ ရလိမ့်မည်မဟုတ်ချေ။ (အရှင်မြတ်အာနန္ဒမေတ္တယျ)

မိမိကိုယ်ကို ဇွတ်အတင်း ယုံကြည်စေခြင်း၊ မသိနားမလည်ဘဲနှင့်လက်ခံခြင်းသည် နိုင်ငံရေးဆန်ဆန် ဆောင်ရွက်ခြင်းသာဖြစ်၍ ဘာသာရေးရာဆောင်ရွက်ခြင်းဟု မဆိုနိုင်ပေ။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

ဗုဒ္ဓကခွင့်ပြုတော်မူသော လွတ်လပ်စွာ တွေးခေါ်မှုကို အခြားဘာသာဆိုင်ရာ သမိုင်းများတွင် ကြားမျှပင်မကြားရဘူးချေ၊ ဤလွတ်လပ်မှုများမှာ အရေးတကြီး လိုအပ်လှပေသည်။ အကြောင်းမှု ဗုဒ္ဓ၏အဆိုအရ လူ၏လွတ်မြောက်ရေးသည် သစ္စာတရားကိုကိုယ်တိုင်ရှာဖွေရယူနိုင်ခြင်း အပေါ်တွင်သာတည်ရှိသည်။ မည်သည့်နတ်ဘုရားနှင့် တန်ခိုးရှင်တို့ကမျှ သူတို့၏ဩဇာခံ၍ ကောင်းမွန်စွာကျင့်ကြံသည့်အတွက် ဆုလာဘ်အဖြစ်ဖြင့် ချီးမြှင့်သောအရာ မဟုတ်ပေ။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့်အရူး ကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

လွတ်လပ်စွာ တွေးခေါ်ကြံဆသည့်အရာတွင်သာမဟုတ်သေး၊ လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်ခွင့်တွင်လည်း ဗုဒ္ဓ၏ သည်းခံခွင့်ပြုတော်မှုခြင်းမှာ ဘာသာရေးဆိုင်ရာ သမိုင်းစဉ်ကိုလေ့လာနေသော ပညာရှင်များအား အံ့ဩသွားစေသော အကြောင်းတစ်ရပ် ဖြစ်စေသည်။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ နောင်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတ၀ါး ဖြစ်ခဲ့သော်ငြားလည်း ဗုဒ္ဓရှင်တော်မြတ်၏ဂုဏ်တော်သည်ကား နောက်မှပေါ်လာသောများစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက်ပိုမို ထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ ထူးခြားသော သီလ၊ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိသည်။ (ချားလ်အီးလီးယော့တ်)

ဘာသာခြားများကို နှိပ်ကွပ်စစ်မေးသည့် မီးရောင်တို့ဖြင့် ကြောက်မက်ဖွယ်များ၊ မိစ္ဆာဒိဋ္ဌိအခိုးတို့ဖြင့် အမှောင်ချမှုများ၊ မီးဟုန်းဟုန်းထသည့် မြို့တော်များ၊ ဘာသာရေးမုန်းတီးမှုများသည် ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းစာမျက်နှာတွင် မရှိခဲ့ဘူးချေ။ ဗုဒ္ဓဘာသာသည် ပညာဟူသော ဓားတစ်လက်ကိုသာလျှင် စွဲကိုင်၍ မောဟကိုရန်သူအဖြစ် သတ်မှတ်သည်။ ဤသည်မှာ သမိုင်း၏သာဓကဖြစ်ပြီး လုံးဝငြင်းဆိုစရာ မရှိချေ။ (ပါမောက္ခဘားပက်တ်)

ကမ္ဘာပေါ်၌ရှိနေသော ပေါ်ပေါက်ပြီးသော ဘာသာများသည် သိပ္ပံပညာ အတိုးတက်ဆုံးကာလသို့ ရောက်သောအခါ ထိုသိပ္ပံအဆင့်ပေတံနှင့် အတိုင်းခံနိုင်မှသာ ကြံ့ကြံ့ခံကျန်ရစ်မည်။ သို့မဟုတ်ပါက တိုက်ဖျက်ပစ်ရန်ပင်မလို အလိုအလျောက် ပြိုကျသွားမည့် အဆောက်အအုံများဖြစ်သည်။ (၀န်ကြီးချုပ်နေရူး)

ဗုဒ္ဓတွင်အားလုံးသော ဟောပြောချက်များ တရားသောအယူဝါဒများထက် ပိုမိုမြင့်မြတ်သည့်အရာ တစ်ခုရှိပြီးဖြစ်သည်။ ဗုဒ္ဓ၏အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်တာလုံး ရင်ကိုအေးမြစေသည်။ လူမှုဒုက္ခ အရှုတ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေးဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်လှပေသည်။ (နေရူး)

အချို့ဘာသာများတွင် ဘာသာဝင်ဖြစ်စလူသစ်များကို သူတို့ဆရာများက ထိန်းချုပ်ထားကြပြီး အခြားဘာသာနှင့်ပတ်သက်သည့် စာအုပ်စာပေများ၊ ဟောပြောချက်များ၊ မဂ္ဂဇင်းများ၊ စာအုပ်စာတမ်းငယ်များနှင့် လေ့လာစုံစမ်းမှုများကို တားမြစ်ပိတ်ပင်ထားပါသည်။ ဗုဒ္ဓဘာသာတွင် ဤကဲ့သို့ တားဆီးပိတ်ပင်မှုမျိုးကို အလွန်တွေ့ကြုံရခဲပေသည်။ (ဖရခန္တီပါလော)

ဗုဒ္ဓကိုအပြိုင်ချီူးကျူးကြသော ခရစ်ယာန်သာသနာပြု ဆရာတို့၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို့မှာ ကိုယ့်မျက်စိကိုယ်ပင် ယုံနိုင်စရာမရှိပါ။ (ပါမောက္ခမက်စ်မူလာ)

လူသားအများဆုံး အပူဇော်ခံရသည့် လူသားတစ်ဦးအဖြစ် ဗုဒ္ဓကိုအလွယ်တကူ ရွေးကောက်နိုင်သည်။ (ပါမောက္ခဆောင်းဒါး)

ဗုဒ္ဓဘာသာတရားတော်သည် ခေတ်များပြောင်းသွားသော်လည်း အမြဲတမ်းမှန်ကန်နေသည်။ မြတ်ဗုဒ္ဓသည် အခြေခံသဘာဝတရားများကိုသာ သင်ပြနည်းလမ်းပေးသောကြောင့် အမြဲပင်မှန်ကန်နေလေသည်။ မပြောင်းလဲသော နိယာမတရားငါးပါး၊ သစ္စာလေးပါးတို့မှာ လူသားတို့အတွက် အသုံးဝင်လှသည်။ (ဒွိုက်ဂေါဒတ်)

Sunday, October 26, 2008

နှစ်သက်မိတဲ့ကဗျာတစ်ပုဒ်(၁)

လူငယ်ဘ၀သည် နွေပန်းတစ်ပွင့်နှင့်တူ၏။ ၎င်းသည်ရုတ်တရက် နွမ်းးကြွေသွားပေ၏။ အိုမင်းခြင်းက လယ်ကွင်းများကို ဖြတ်သန်းလာသော မီးနှင့်တူ၏။ ရုတ်တရက်ဆိုသလို သင့်ခြေဖနောင့်များဆီသို့ ရောက်လာ၏။ ဗုဒ္ဓမြတ်စွာ တစ်ချိန်က မိန့်ဆိုခဲ့၏။ 'ဇာတိနှင့် မရဏသည် နေထွက်ချိန်၊ နေ၀င်ချိန် တို့နှင့် အလားတူ၏၊ ယခုရောက်လာသည်- ယခုပြန်သွားလေပြီ'
ဖျားနာခြင်းသည် ငှတ်ကလေးတစ်ကောင်နှင့်တူ၏ ၊ ဒဏ်ရာရထားသည့် ငှတ်ကလေး၊ သင်မသိလေသလား- ကျန်းမာခြင်းနှင့် ခွန့်အားတို့သည် အချိန်တန်လျှင် သင့်ကို စွန့်ခွာသွားလိမ့်မည်၊ သေခြင်းသည် ဆီခန်းသွားသည့် ဆီမီးခွက်နှင့်တူ၏ (မှိတ်တုတ်မှိတ်တုတ် လင်းနေရာမှ နောက်ဆုံးငြိမ်းသွား၏)
ဤကမ္ဘာလောကသည် မတည်မြဲပါ၊ ဘယ်ဟာမျှ မပြောင်းလဲဘဲ မရပ်တည်နိုင်ကြောင်း သင့်ကို အသေအချာ ကျွန်ုပ်ပြောဝံ့သည်။ အကုသိုလ်ကံတို့သည် ရေတံခွန်နှင့် အလားတူ၏။ ရေတံခွန်သည် အထက်သို့စီးသည်ဟု မမြင်စဖူးပါ။
မကောင်းမှုပြုသူသည် အဆိပ်ပင်နှင့်တူ၏။ ထိုအပင်ကို သင်မှီလျှင် သင်ထိခိုက်ခံရလိမ့်မည်။ အပြစ် ကျူးလွန်သူတို့သည် နှင်းကိုက်ထားသည့် ပဲများနှင့်တူ၏ ပျက်စီးသွားသော အဆီခဲကဲ့သို့ အားလုံးကို ယိုယွင်း ပျက်စီးစေ၏။တရားအားထုတ်သူတို့သည် လယ်ကွင်း၌ ထွန်ယက်နေသော လယ်သမားများနှင့် တူ၏။
ကမ္မနိယာမသည် သံသရာရဟတ်ဘီးနှင့်တူ၏။ ၎င်းကိုဖျက်စီးသူ မည်သူမဆို အကြီးအကျယ် ဆုံးရှုံးရလိမ့်မည်။ သံသရာသည် အဆိပ်ရှိသော ဆူးနှင့်တူ၏၊ အသားထဲ၌ ၎င်းကိုဆွဲမထုတ်လျှင် အဆိပ်တိုးပွားပြီး ပြန့်ပွားသွားလိမ့်မည်။
သေမင်း၏ လာခြင်းသည် နေ၀င်ချိန်အခါ အရိပ်နှင့်တူ၏။ ၎င်းသည် လျင်မြန်စွာ ပြေးသွားရာ ဘယ်အရာမျှ ၎င်းကို မရပ်တန့်စေနိုင်ပါ။ ထိုအချိန်ရောက်လာသည့်အခါ မြင့်မြတ်သောတရားအပြင် အခြားဘယ်အရာက ကူညီနိုင်ပါသလဲ။
တရားဓမ္မသည် အောင်မြင်မှု၏ စမ်းရေတွင်းဖြစ်သော်လည်း တရားကြိုးစားအားထုတ်သူတို့မှာ နည်းပါးလှ၏။ ရာပေါင်းများစွာသော သူတို့သည် သံသရာ ၀ဋ်ဆင်းရဲမှာ လုံးထွေးငြိတွယ် နေကြသည်။ ဤကံဆိုးသော အခြေအနေသို့ မွေးဖွားလာကြပြီး လုယက်ခိုးဝှက်ခြင်းဖြင့် စီးပွားတက်ရန် သူတို့ကြိုးပမ်းကြသည်။ သင်သန်စွမ်း၍ ကျန်းမာနေသောအခါ ဖျားနာရမည်ကို ဘယ်အခါမျှ သင်မတွေးမိပါ။ သို့သော် လျှပ်စီးလက်သည့်ပမာ ရုတ်တရက် ခွန့်အားနှင့်ရောဂါ ဆင်းသက်လာပါ၏။
လောကီကိစ္စများ၌ ပါဝင်ပတ်သက်နေသည့်အခါ သေမင်းချဉ်းကပ်လာမည့် အရေးကို ဘယ်အခါမျှ သင်မတွေးမိပါ။ လျင်မြန်စွာ မိုးကြိုးခြိမ်းသည့်ပမာ သင့်ဦးခေါင်း ပတ်လည်သို့ သေမင်းထိုးဆင်းလာသည်။
ဖျားနာခြင်း အိုမင်းခြင်းနှင့် သေခြင်းတရားတို့သည် တစ်ခုနှင့်တစ်ခု အမြဲဆုံတွေ့နေကြသည်။ လက်များနှင့် ပါးစပ် ဆုံတွေ့နေကြသကဲ့သို့တည်း။ အတိတ်က သင်တွေ့ကြုံခဲ့သည့် ဆင်းရဲများကို သင်မကြောက်ရွံ့လေသလား။ သင်ကံဆိုး မိုးမှောင်ဖြစ်သည့်အခါ ဆင်းရဲများစွာကို သင်ဧကန် ခံစားရလိမ့်မည်။
ဘ၀၏ရန်သူများသည် ပင်လယ်၏ လှိုင်းလုံးများပမာ တစ်ခုနောက်တစ်ခု အဆက်မပြတ် လိုက်နေကြ၏။ တစ်ခုဖြတ်ကျော်သွားရုံသာရှိသေး နောက်တစ်ခုက ၀င်ရောက်လာသည်။ သံသရာမှ သင်လွတ်မြောက်သည့်နေ့တိုင်အောင် နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ကြုံရာလာကြ သွားကြသည်။ လမ်းပေါ်ဆုံတွေ့ရသော ဖြတ်သန်းသွားသူများ ကဲ့သို့တည်း။
ပျော်ရွှင်မှုများကား စိတ်မချကြရပါ။ နေရောင်ခြည်တွင် ရေချိုးခြင်းကဲ့သို့တည်း။ နှင်းမုန်တိုင်းများလို ကြိုတင်သတိမပေးဘဲ လာရောက်ပြီး အလျင်အမြန် ဖြတ်သန်းသွားကြသည်။ ဤအရာများကို သတိရလျက် အဘယ်ကြောင့်တရား အားမထုတ်သေးသနည်း။
(မှတ်ချက်။ ဒီကဗျာလေးကို တိဘက်ဗုဒ္ဓဘာသာဝင် မီလရေပ ရေးသားထားတာဖြစ်ပြီး ဘာသာပြန်ဆိုသူက ဆရာကြီးဒေါက်တာမင်းတင်မွန် ဖြစ်ပါတယ်။)


ဖြစ်သလိုစားတဲ့နေ့

ကျွန်တော်မောင်ရဲကြီးတစ်ယောက် ဒီTag Post ကိုမရေးချင်လို့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ပါသေးတယ်ခင်ဗျ။ အလုပ်များချင်ယောင်ဆောင်ပြီး Email ကတစ်မျိုး ဆီဗုံးကတစ်သွယ် မရေးပါရစေနဲ့ ခွင့်တောင်းပေမယ့် မ၀ါဝါကလည်း ခွင့်ပြုမယ့်ပုံမပေါ်ပါဘူးခင်ဗျ။ ဖြစ်သလိုစားတဲ့နေ့ ရေးရမယ်ဆို ရက်တွေများလို့ ဘယ်ကစရမှန်းတောင် မသိပါဘူးခင်ဗျ။ လတ်တလော အဖြစ်အပျက်ပြောရမယ်ဆိုရင် ဂလိုဗျ။ ကျွန်တော်တို့သင်တန်းကလည်း စနေနေ့ပါ သင်နေရတယ်ဗျ။ သီတင်းကျွတ်လပြည့်တောင် အနားမပေးတာနဲ့ မချစ်သော်လည်းအောင့်ကာသင် ပေါ့ဗျာ။ ဟော..... Sunday ရောက်ပြီဆိုပြီး နားမယ်ကြံကာရှိသေး လေ့လာရေးခရီးရှိပါသတဲ့ ခင်ဗျ။ စနေညမှာ ထုံးစံအတိုင်း Gtalk တက်ရင်း စင်္ကာပူက သူငယ်ချင်းတစ်ယောက်နဲ့ အာရိုက်ကြသေးသဗျ။ ကြုံတုံးပြောရမယ်ဆိုရင် ကျွန်တော် Internet သုံးရတာ အဆင်သိပ်မပြေဘူးဗျ။ Wireless မရတဲ့နေရာ ရောက်နေတာနဲ့ Phone နဲ့ Computer ချိတ်သုံးရသဗျ။ အကျိုးဆက်အနေနဲ့ ပိုက်ဆံပိုကုန်တယ်ခင်ဗျ။ ကြုံကြွားလေးကြွားရဦးမယ်ဆိုရင် ကျွန်တော်က နေ့တိုင်း မနက်(၅)နာရီဆို အိပ်ရာကနိုးပြီဗျ။ Early to bed and early to rise makes a man whealthy, healthy and wise. ဆိုလားဗျာ၊ အဲ့ဒီစကားပုံကို လိုက်နာတဲ့အနေနဲ့ ပေါ့ဗျာ၊ မှားရင်လည်း ပြင်ဖတ်ပေးကြပါခင်ဗျ။ ဒီမနက်တော့ သူငယ်ချင်းများနဲ့ အာရိုက်ခြင်း အကျိုးကျေးဇူးနဲ့ သင်တန်းသားအားလုံး ကျောင်းကားပေါ်ရောက်နေချိန်မှာ ဇိမ်ကျကောင်းနေတုန်း အခန်းတံခါးလာခေါက်ကြသဗျ။ တနင်္ဂနွေနေ့ကို ဘာလို့လာနှိုးကြပါလိမ့်လို့ တွေးရင်းတံခါးဖွင့်ကြည့်တော့၊ အလိုလေး.... သူများတွေ အနောက်တိုင်းဝတ်စုံ ကိုယ်စီနဲ့ ဖြစ်နေပါရောလား။ ဒါနဲ့ ချီတာကျားသစ်တွေရဲ့ အမြန်နှုန်းမျိုးနဲ့ ရေအမြန်ချိုးပြီး တွေ့တဲ့ပေါင်မုန့်နှစ်ချပ်ဆွဲထွက်လာခဲ့ရသဗျ။ ဒီနေရာမှာ ကြားဖူးတဲ့ စကားပုံတစ်ခု ဖောက်သည်ချရမယ်ဆိုရင် "မနက်စာကို တစ်ယောက်တည်းစားပါ၊ နေ့လည်စာကို မိတ်ဆွေတွေနဲ့စားပါ၊ ညစာကို ရန်သူသို့ ပေးလိုက်ပါ" တဲ့။ ကျွန်တော်ကတော့ ညစာကို ရန်သူအတွက်ပါ စားပစ်လေ့ရှိတယ်ဗျာ၊ ကဲ မှတ်ကရော။
ကဲ... မ၀ါဝါရေ၊ ကျွန်တော်က စာသိပ်မရေးတက်လို့ ဒီလောက်နဲ့ ကျေနပ်ပေးပါဗျာ။ ကျွန်တော့် Blog ကိုလာရောက် လည်ပတ်သူတွေကို အထူးတောင်းပန်ချင်တာက ကျွန်တော့် Blog အသစ်လေးရဲ့ အားနည်းချက်တွေကို သည်းခံဖတ်ရှုပေးဖို့ပါ ခင်ဗျ။ အားနည်းချက်တွေကို ဝေဖန်အကြံပေးကြပါဦးဗျာ။

Saturday, October 18, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၃)

ကမ္ဘာပေါ်တွင် မည်သည့်ဘာသာက ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ကို မပြောမဖြစ်ပြောပါဟု သင်ကတိုက်တွန်းခဲ့သော် ကျွန်ုပ်သည် စိတ်ပါလက်ပါ စာနာထောက်ထားစွာဖြင့် ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဟု မဆိုင်းမတွ အဖြေပေးရပါလိမ့်မည်။ (ရာဘင်ဒရာနတ်တဂိုး)

ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး)

စကြာဝဠာကြီးတစ်ခုလုံးသည် အလွန်ကျယ်လှသည့် စစ်မြေပြင်ကြီး တစ်ခုသာဖြစ်သည်။ နေရာတိုင်း တိုက်ခိုက်နေကြသည်။ ဘ၀ဟူသည် ဘာမျှမဟုတ်ပေ။ ကြောက်စရာကောင်းသော ရောဂါများနှင့် ရောဂါပိုးမွှား တို့၏ အချီးနှီးသော ဆန့်ကျင်တုပြိုင်ခြင်းသာဖြစ်သည်။ အနုမြူ အနုမြူချင်း အက်တမ် အက်တမ်ချင်း အီလက်ထရွန် အီလက်ထရွန်ချင်း ဆန့်ကျင်တိုက်ခိုက် နေခြင်းသာဖြစ်သည်။ စိတ်ဟူသည် တိုက်ပွဲတစ်ခု၏ သဏ္ဌန်သာတည်း၊ သဏ္ဌန်များ အသံများ အရသာများသည် ဆန့်ကျင်တိုက်ခိုက်နေသည့် အင်အားစုများ၏ အကျိုးသက်ရောက်မှု များသာဖြစ်သည်။ စစ်ပွဲများ ဖြစ်နေခြင်းက ပြည့်စုံသော ငြိမ်းချမ်းမှု တစ်ခုရှိနေကြောင်း သက်သေပြနေသည်။ ဤသည်မှာ ကျွန်ုပ်တို့အခေါ် နိဗ္ဗာန်ပင် ဖြစ်သည်။ (ဆရာတော်အရှင်နာရဒ)

ခရစ်တော်သည် အခြားသော သမိုင်းဝင် ပုဂ္ဂိုလ်များလောက် မြင့်မားသော ပညာကြောင့် ရပ်တည်သလား၊ ပါရမီကြောင့် ရပ်တည်သလား ဆိုသည်ကို ကျွန်ုပ်ကိုယ်တွေ့ မသိရပါ။ သို့သော် ပညာ၊ ပါရမီ တို့နှင့် ပတ်သက်လာလျှင် မြတ်ဗုဒ္ဓကို ခရစ်တော်၏ အပေါ်မှ ထားသင့်သည်။ (ဘာထရန်ရပ်ဆဲလ်)
့်
အကယ်၍ ပြဿနာတစ်ခုခု ဖြေရှင်းဖွယ်ရာ ရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင် ရပေမည်။ (နေရူး)

ဗုဒ္ဓသည် ထိုခေတ်က ဘုရားဆိုသူတို့အား ဂရုမပြုသူ ဖြစ်၏။ တစ်ဖက်သူတို့က ဘုရားမရှိသူ ဟုပင် ကင်ပွန်းတပ် ခံခဲ့ရသေးသည်။ သို့သော် ဆိတ်ငယ်ကလေး တစ်ကောင်အတွက်ပင် သူ့အသက်ကိုစွန့်ရန် အဆင်သင့် ရှိခဲ့၏။ (ဟိန္ဒူဘုန်းတော်ကြီးဆွာမိဝိဝေကာနန္ဒ)

ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဝါဒကို နှစ်ပေါင်း ၂၅၀၀ကျော် တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့ စွမ်းပကားဟာ လူ့သမိုင်းအရ ဘယ်လူသားကမှလိုက်မမီနိုင်သေးဘူး၊ ခုကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှစ်သန်းကို နောက်လိုက်ဖြစ်အောင်လုပ်နိုင်လဲ၊ နှစ်ပေါင်းဘယ်လောက်ကြာကြာ တည်တံ့အောင် လုပ်နိုင်မလဲ၊ သူလောက်ကြီးမြတ်တဲ့ စည်းရုံးရေးမှုးမျိုး ရှိနိုင်ပါ့မလား။ (၀န်ကြီးချုပ်ခရုရှက်)
(မှတ်ချက်။ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်တွင် မစ္စတာခရုရှက်က လက်အုပ်ချီသဖြင့် မြန်မာခေါင်းဆောင်တစ်ဦးမှအဘယ်ကြောင့် လက်အုပ်ချီသလဲ မေးမြန်းရာတွင် မစ္စတာခရုရှက်မှ ပြန်လည်ဖြေကြားပါသည်။)

ဗုဒ္ဓဆိုသည့် ပုဂ္ဂိုလ်သည် လောကမီးလောင်ပြင်တွင် ဆော့ကစားနေသည့် ကလေးငယ်များကိုမြင်၍ ကလေးများကို မီးလောင်အိမ်မှ ဆွဲထုတ်ရန် အကြံအမျိုးမျိုယူ၍ နိဗ္ဗာန်ဟူသော ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးသူဖြစ်သည်။ (ပါမောက္ခလက်ခ်ရှမီးနာရာစု)

ဗုဒ္ဓနှင့်ပတ်သက်၍ အထင်အရှားဆုံးအရာကား တည်ကြည်သည့် သမာဓိ၊ ပညာ၊ နွေးထွေးသောမေတ္တာ၊ နက်နဲသောကရုဏာတို့၏ ထူးကဲသော ပေါင်းစပ်မှုပင်ဖြစ်သည်။ ဗုဒ္ဓတစ်ဦးတည်းသာ လူ့သဘာဝ ကောင်းဆိုးသိစိတ်ကို ကိုယ်စားပြုသဖြင့် ယနေ့ကမ္ဘာသည် ဗုဒ္ဓဆီသို့ ပို၍ပို၍ပင် ဦးလှည့်လာလေပြီ။ (မောနိဘက်ဂီ)

ဗုဒ္ဓမြတ်စွာသည် နတ်ဘုရားတစ်ဆူလည်းမဟုတ်၊ ဘုရားသခင်၏ တမန်တော်တစ်ဦးလည်းမဟုတ်၊ နတ်ဘုရားဝင်စားသော ပုဂ္ဂိုလ်တစ်ဦးလည်းမဟုတ်၊စင်စစ်သူသည် အထွတ်အထိပ်သို့ရောက်သော လူသားတစ်ဦးသာ ဖြစ်ပေသည်။ (အရှင်ဥာဏတိလောက)

သိပ္ပံပညာသည် မည်သည့်အာမခံချက်မျှ မပေးနိုင်ပေ၊ သို့ရာတွင် ဗုဒ္ဓဘာသာ၏ လောကုတ္တရာအသိပညာသည် သိပ္ပပညာ၏ လမ်းဆုံးမှ စတင်သောကြောင့် ဗုဒ္ဓဘာသာသည် အနုမြူစွမ်းအား၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ ဤသည်မှာ ဗုဒ္ဓဘာသာကို သေသေချာချာ လေ့လာထားသူများအဖို့ ရှင်းလင်းထင်ရှားပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်းဖြင့် ရုပ်ကိုပြုပြင်သည့် အနုမြူဆိုင်ရာ များ ဖက်စပ်ပါဝင်မှုကို တွေ့ရသည်။ အကြောင်းတရားကိုမှီ၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများ စိတ်မမကြေနပ်မှုများ ဒုက္ခ၏ ဖြစ်ပေါ်ချုပ်ပျောက်မှုများသည် ကျွန်ုပ်တို့အခေါ် ၀ိညဉ်(သို့) အတ္တစွဲ၊ ဗုဒ္ဓဒေသနာများအရ သက္ကာယဒိဋ္ဌိဟူသော အမြင်မှား အသိမှားများကို ဖြစ်ပေါ်စေသည်။ (အက်ဂါတန်စီဘက်ပတစ်)

ဗုဒ္ဓဘာသာသည် အစောဆုံးရောက်ရှိလာပြီး ၎င်း၏အခြေခံတရားများကို ခရစ်တော်အပြင် နောက်ပိုင်းတွင် မဟတ္တမဂန္ဒီတို့က သုံးစွဲခဲ့ကြသည်။ မိမိတို့၏ဘာသာကို မိမိတို့ကိုယ်တိုင် ရိုးသားစွာ လိုက်နာကျင့်သုံးခဲ့ကြပါလျှင် ကမ္ဘာ့ဘာသာများသည် ဘာသာတစ်ခုက တစ်ကိုယ်ကောင်းဆန်ပြီး အခြားဘာသာတစ်ခုကို မိမိဘာသာထက်နိမ့်ကျသည်ဟု ထင်မြင်လျှင် အငြင်းပွားရတက်သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာမဟုတ်သော်လည်း ဗုဒ္ဓဘာ၏သဘောတရားများကို ရိုသေပါသည်။ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားပါသည်။ (စီဂျီဘားရက်ဒီ-အိန္ဒိယနိုင်ငံသမ္မတဟောင်း)

အကယ်၍ ခေတ်သစ်သိပ္ပံပညာ၏ လိုအပ်ချက်များနှင့် ဘာသာရေး တစ်ခုရှိခဲ့သည်ဆိုလျှင် ၎င်းသည်ဗုဒ္ဓဘာသာ ဖြစ်လိမ့်မည်။ (အိုင်းစတိုင်း)

ဗုဒ္ဓသည် အကျင့်သိက္ခာအားလုံးနှင့် ပြည့်စုံသောစံနမူနာကို ဟောပြော၏။ သူ၏ဘ၀မှာလည်း အစွန်းအထင်းဟူ၍ လုံးဝမရှိပါချေ။ (စိန့်ဟီလီးယား)

ကျွန်ုပ်သည် ဗုဒ္ဓအကြောင်းကိုပိုသိလေ ပို၍ကြည်ညိုလေ ဖြစ်မိပါသည်။ (ဖော့စ်ဘောလ်)

ဗုဒ္ဓဒေသနာတော်များ၏ အနှစ်သာရများသည် ယခုအခါ ဟိန္ဒူဝါဒ၏ ပြည့်ဝသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းပါဝင်နေကြောင်း ကျွန်ုပ်စဉ်စား ဆင်ခြင်မိသည်။ ယနေ့ အိန္ဒိယရှိ ဟိန္ဒူများအနေဖြင့် ဂေါတမဗုဒ္ဓက ဟိန္ဒူဝါဒကို အကျိုးဖြစ်ထွန်းစေသည့် ကြီးမားသော ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်ခြေရာခံ စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ပါ။ ဗုဒ္ဓ၏ကြီးမားသော အနစ်နာခံမှု၊ စွန့်လွှတ်မှုနှင့် ဘ၀၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင့် ဟိန္ဒူဝါဒအပေါ်တွင်မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်ထားခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုဆရာမြတ်အား ထာဝရကျေးဇူးကြွေးများ ပေးဆပ်ရန်ရှိနေပေသည်။ (မဟတ္တမဂန္ဒီ)

ဗုဒ္ဓဘာသာ၏သမိုင်းတွင် ခရစ်ယာန်ဘာသာကို အထင်မှားအမြင်မှား ဖြစ်အောင်၊ ပုံပျက်အလှပျက်အောင် ပြောဆိုခဲ့ခြင်း စိုးစဉ်းမျှမရှိပါ။ သူတစ်ပါးကို ပြစ်တင်နှိမ့်ချခြင်းသည် ဗုဒ္ဓလမ်းစဉ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါသည်။ ဗုဒ္ဓလမ်းစဉ်သည် မေတ္တာတရားဖြင့် လွှမ်းခြုံထားသည်။ အလွန်မွန်မြတ်လှသည်။ (မစ္စတာကင်းဘဲလ်လ်-ဗြိတိလျှမြို့ပြအုပ်ချုပ်ရေးအရာရှိ)

ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွင် ဘုရားသခင်နှင့် နတ်ဘုရားများ၏ ကူညီမှုလုံးဝမပါရှိဘဲ လူတိုင်း ကိုယ်တိုင်ရနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ထုတ်ဖော်ခဲ့သည်။ မိမိကိုယ်ကို ယုံကြည်ကိုးစားရန်၊ စိတ်ထားဖြူစင်ရန်၊ ယဉ်ကျေးပျူငှာရန်၊ အသိပညာပွင့်လင်းရန်၊ အများအပေါ် မေတ္တာထားရှိရနတို့ကို ဗုဒ္ဓကအလေးအနက်အခါခါ ဩ၀ါဒပေးခဲ့သည်။ ဘ၀တွင် ပညာမပါဘဲ ၀ိပဿနာပညာ မရရှိနိုင်၍ ပညာ၏မလွဲမသွေ လိုအပ်မှုကို တိုက်တွန်းဆုံးမတော်မှုခဲ့ပါသည်။ (ပါမောက္ခအီလီယော့တ်)

အကြောင်းတရားကိုမှီ၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများ စိတ်မကျေနပ်မှုများ ဒုက္ခ၏ဖြစ်ပေါ် ချုပ်ပျောက်မှုများသည် ကျွန်ုပ်တို့အခေါ် ၀ိညာဉ်(သို့) အတ္တစွဲ၊ ဗုဒ္ဓဒေသနာများအရ သက္ကယဒိဋ္ဌိဟူသော အမြင်မှားအသိမှားကို ဖြစ်ပေါ်စေသည်။(အက်ဂါတန်စီဘက်ပတစ်)

ဂေါတမဗုဒ္ဓသည် လူသားတို့၏ အတွေးအခေါ်နှင့် ဘ၀အပေါ် ဩဇာသက်ရောက်မှုရှိခြင်း နှင့်ပတ်သက်၍ အရှေ့တိုင်းတွင် အပြောင်မြောက်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ နက်နဲကျယ်ပြန့်မှု အရာတွင် မည်သည့်ဘာသာထက်မျှ မနိမ့်ကျသောုဘာသာရေးစနစ် တစ်ခုကို ထူထောင်ခဲ့သော ပုဂ္ဂိုလ်အဖြစ်ဖြင့် အလေးအမြတ်ပြုအပ်သော ပုဂ္ဂိုလ်ဖြစ်သည်။ (အိန္ဒိယသမ္မတကြီးရာဓာခရစ်ရှနာ)

Sunday, October 12, 2008

Coming soon

Blogger တို့ရေ၊ ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို့အမြင်ဆိုပြီး (၁)နဲ့(၂)ကို ရေးပြီးသွားပါပြီ၊ အခုဆက်လက်ပြီး အပိုင်း(၃) (၄) နဲ့(၅) ဆိုပြီးဆက်လက်စုစည်းဖော်ပြသွားပါမယ်။ ကိုးကားထားတဲ့ စာအုပ်တွေ အရမ်းများလို့ ကိုးကားစာအုပ် အမည်ကို အတိအကျ ဖော်ပြမပေးနိုင်တာ နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ အခုလို စုစည်းဖော်ပြခြင်းဟာ ဗုဒ္ဓဘာသာ ၀င် မဟုတ်သူတွေကို ရှုံ့ချလိုတဲ့ဆန္ဒ လုံးဝမရှိပါကြောင်းဝန် ခံပြောကြားလိုပါတယ်။ ပညာရှင်တို့ရဲ့ ဘက်မလိုက်တဲ့အမြင်များကို တင်ပြခြင်းဖြင့်ဗုဒ္ဓဘာသာဝင် များ သဒ္ဓါတရား တိုးပွားလာစေရန် ရည်ရွယ်ပါတယ်။ ကျွန်တော့် Blog လေးကို လာရောက်လည်ပတ်ကြသူတွေနဲ့ Comment ရေးပေးကြသူတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြတ်စွာဘုရားရှင်က အကျွမ်း ၀င်တဲ့သူတွေက အနှိုင်းမဲ့ဆွေမျိုးတွေ ဖြစ်တယ်လို့ မိန့်ဆိုဖူးပါတယ်။ ဒီလိုဆိုရင် Blogger တွေက ကျွန်တော့်ရဲ့ အနှိုင်းမဲ့ဆွေမျိုးတွေပါ။ Blogger တွေ အားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေဗျာ။

ရေချိုးမှားနေသူ

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံး နေတော်မူစဉ်အခါ ဖြစ်၏။ ရဟန်းတို့အား တရားဒေသနာ ဟောကြားတော်မူရာ၌ စိတ်ညစ်ညူးခြင်းနှင့် စိတ်သန့်ရှင်းခြင်း စင်ကြယ်ခြင်း သဘောကို ဟောကြားလေသည်။ ထိုအခါဝယ် သုန္ဒရိက ဘာရဒွာဇ ပုဏ္ဏားသည်လည်း မြတ်စွာဘုရားထံ၌ ရောက်ရှိနေခိုက် ဖြစ်၏။ ထိုပုဏ္ဏားက မေးလျှောက်လေသည်။ " အရှင်ဂေါတမ အရှင်သည် ဗာဟုကာမြစ်၌ ရေချိုးပါသလား" ထိုအခါ မြတ်စွာဘုရားက ပြန်လည်မေးတော်မူသည်။ " ပုဏ္ဏား- ဗာဟုကာမြစ်၌ အဘယ်ကြောင့် ရေချိုးရမည်နည်း၊ ဗာဟုကာမြစ်က ဘာအကျိုးပြုလေသနည်း" " အရှင်ဂေါတမ- ဗာဟုကာမြစ်သည် ကိလေသာကို ခေါင်းပါးစေတက်၏ ဟုလူအများက သမုတ်ထားပါ၏၊ ကိလေသာစင်ကြယ်အောင် ပြုနိုင်သည်ဟု အဆိုရှိပါသည်၊ လူအများသည် မကောင်းမူ ပြုလုပ်မိသည်ရှိသော် ထိုဗာဟုကာမြစ်၌ မျှောပစ်ကြပါသည်" " ပုဏ္ဏား- သင်ပြောသည့်အတိုင်း မဖြစ်နိုင်ပေ၊ မကောင်းမူ ပြုလုပ်ထားသော အကြင်လူမိုက်သည် ဗာဟုကာမြစ်၌ အမြဲအစဉ် ရေချိုးနေသော်လည်း မစင်ကြယ်နိုင်ပေ၊ အခြားသော သုန္ဒရိကမြစ်၊ သူရဿတီမြစ်၊ ဗာဟုမတီမြစ် စသည်တို့၌ အမြဲအစဉ် ရေချိုးနေသော်လည်း မကောင်းမူသည် မစင်ကြယ်၊ မပပျောက်နိုင်၊ ထိုထိုမြစ်များ၊ ဆိပ်ကမ်းများသည် မကောင်းမူ အကုသိုလ်ကံကို မတားမြစ်နိုင်ပေ၊ မသုတ်သင်နိုင်ပေ" " အို ပုဏ္ဏား- ကိလေသာ စင်ကြယ်သောသူအား အခါခပ်သိမ်း နက္ခတ်ကောင်း ကြုံလျက်ရှိနေပေ၏၊ ဥပုသ်စောင့်သုံးပြီး ဖြစ်နေပေ၏၊ စင်ကြယ်သန့်ရှင်းသော ပြုလုပ်မူရှိသူအား ကျင့်ဝတ်သည် အခါခပ်သိမ်း ပြည့်စုံသည်သာတည်း" " အချင်း ပုဏ္ဏား- သင်သည် သန့်ရှင်းစင်ကြယ်ခြင်းကို အမှန်တကယ် အလိုရှိပါမူ ဤသာသနာတော်၌သာလျှင် ရေချိုးလော့။" " အကယ်၍ သင်သည် သူ့အသက်ကို မသတ်ဖြတ်အံ့၊ သူ့ဥစ္စာကို မခိုးယူအံ့၊ မဟုတ်မမှန် မပြောဆိုအံ့၊ ၀န်မတိုသူဖြစ်အံ့၊ ယုံကြည်မူ သဒ္ဓါတရားရှိသူ ဖြစ်အံ့၊ ထိုဗာဟုကာမြစ်သည် သင့်အတွက် ဘာပြုလုပ်ရန် လိုတော့သနည်း၊ ဂယာဆိပ်သို့ သွားခြင်းဖြင့် ဘာအကျိုးထူးနိုင်တော့မည်နည်း။" ယင်းကဲ့သို့ မြတ်စွာဘုရား ဟောကြားသောအခါ သုန္ဒရိက ဘာရဒွဇ ပုဏ္ဏားသည် တရားသဘော၌ နားလည် သက်ဝင်ကာ အမြင်မှန်သို့ ရောက်ရှိလေသည်။ ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကာ တရားကို ပွားများအားထုတ်သဖြင့် နောက်ဆုံးတွင် ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ (ဆရာလေးမြိုင် ရေးသားပြုစုသည့် ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Wednesday, October 1, 2008

ချီးမွမ်းသည့် ဗုဒ္ဓရှင်တော်

လူတို့သည် အများအားဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို မြိန်ရေယှက်ရေ ပြောဆိုကဲ့ရဲ့ဖို့ရာ လွယ်ကုသလောက် သူတစ်ပါး၏ကောင်းကွက်ကို ပြောဆိုချီးမွမ်းဖို့ရာကား အင်မတန် ၀န်လေးနေတက်ကြသည်။ ဤသည်ကား အခြားကြောင့်မဟုတ်။ သူတစ်ပါး၏ ကောင်းဂုဏ်ကို ၀န်တိုသော ဂုဏမစ္ဆရိယတစ်နည်း ၀ဏ္ဏမစ္ဆရိယ ကြောင့်ပါတည်း။

သို့သော် မိမိကိုယ်ကို လှည့်စားလိုသူအချို့က ဂုဏ မစ္ဆရိယ ရှိနေဖြစ်နေသည်ကို ၀န်မခံဘဲ၊ ငါတို့က သူများကို မြှောက်ပင့်စားတဲ့ကောင်မဟုတ်ဘူးဟူသော စကားဖြင့် ကြံဖန်ဂုဏ်ယူတက်ကြပြန်သေးသည်။ ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းကား ဆီနှင့်ရေလို ကွာခြားလွန်းလှသည်။

ချီးမွမ်းခြင်းသည် မုဒိတာကြောင့်ဖြစ်သည်။
့မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်သည်။
ချီးမွမ်းခြင်းသည် ပရဟိတကို ဦးတည်သည်။့
မြှောက်ပင့်ခြင်းသည် အတ္တဟိတကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် ပေးဆပ်လိုခြင်းကိုဦးတည်သည်။
့မြှောက်ပင့်ခြင်းသည် ရယူလိုခြင်းကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် မှန်ကန်သောသစ္စာစကားဖြစ်သည်။
မြှောက်ပင့်ခြင်းသည် မမှန်ကန်သော မုသားစကားဖြစ်သည်။

ဤမျှထိ ခြားနားကွဲပြားလှသောကြောင့်လည်း ရိုးသားစွာ ချီးမွမ်းသည့်အလုပ်ကိုကား အတုလာဓိပတိဖြစ်တော်မူသော ဘုရားရှင်တို့ပင် ပြုလုပ်တော်မူကြပါသည်။

သာဓကတစ်ခုကို ပြပါအံ့။ ဤဘဒ္ဒကမ္ဘာမှ ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသည်။ သားကောင်တို့ကို ဘေးမဲ့ပေးရာခေမာ မည်သောတော၌ သီတင်းသုံးနေတော်မူစဉ် ဝေဒေဟမည်သော သူကြွယ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်များကို နေအိမ်သို့ပင့်ဖိတ်၍ ဆွမ်းကျွေးလေသည်။

ထိုအချိန်တွင် အရှင်မဟာကဿပမထေရ်ကဲ့သို့ ဓုတင်(၁၃)ပါးကို ဆောင်တော်မူသော နိသဘမထေရ်သည် သူကြွယ်အိမ်ရှိရာလမ်းမှ ဆွမ်းခံကြွသည်ကို ဝေဒေဟ သူကြွယ်မြင်လျှင် မထေရ်ထံမှောက်သို့ အမြန်ရောက်အောင်သွား၍ ထိခြင်းငါးပါးဖြင့်ရှိခိုးကာ-
' အရှင်ဘုရား.. အိမ်ထဲသို.ကြွတော်မူပါ။ မြတ်စွာဘုရားလည်း အိမ်၌ပင်နေတော်မူပါသည်။' ဟု လျှောက်ထားလျှင် မဟာနိသဟမထေရ်က-
' ဒါယကာ.... ငါတို့ကား အိမ်ထဲသို့ဝင်ခြင်းငှာ မအပ်ပါ။' ဟု မိန့်တော်မူသည်။ သူကြွယ်လည်း သပိတ်ကိုယူကာ ဆွမ်းဖြင့်ပြည့်စေပြီး မထေရ်အား ဆက်ကပ်သည်။ မထေရ်ကို လိုက်ပို့ပြီးနောက် မြတ်စွာဘုရားအား ဤသို့လျှောက်ထားသည်။
' မဟာနိသဟမထေရ်သည် အိမ်၌ မြတ်စွာဘုရားထင်ရှားရှိပါ၏။ ၀င်တော်မူပါဟု လျှောက်ထားသော်လည်း ၀င်ခြင်းငှာ အလိုမရှိပါ။ ထိုမထေရ်အား အရှင်ဘုရားတို့ ထက်လွန်ကဲသော ဂုဏ်ကျေးဇူး အထူးရှိပါသလား' ဟု လျှောက်ထား၏။ ထိုအခါ ဂုဏမစ္ဆရိယကင်းပြီးဖြစ်တော်မူသော ဘုရားရှင်က-
' ဒါယကာ.... ငါတို့ကားဆွမ်းကျက်သည့်တိုင်အောင် စောင့်ဆိုင်းလျက် အိမ်၌နေကုန်၏။ မဟာနိသဟမထေရ်ကား ဤသို့ထိုင်လျက် ဆွမ်းကိုမမျှော်မငဲ့ မစောင့်ဆိုင်းချေ။ ငါတို့ကား ရွာနီးကျောင်း၌ နေကြကုန်၏။ ထိုမထေရ်ကား တော၌သာလျှင်နေ၏။ ငါတို့ကား အမိုးရှိသောကျောင်း၌ နေကြကုန်၏။ ထိုမထေရ်ကား လွင်တီးခေါင်၌သာလျှင်နေ၏။ ထိုနိသဟမထေရ်အား ဤသို့ ဤသို့သော ဂုဏ်ကျေးဇူး အထူးရှိချေ၏။' ဟူ၍ ထုတ်ဖော် ချီးမွမ်းတော်မူခဲ့ပါသည်။
(ဆရာတော်အရှင်ဇ၀န ရေးသားတော်မူသော အတွင်းရန်သူ စာအုပ်မှကူးယူဖော်ပြပါသည်။)

Saturday, September 27, 2008

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ

အောင်သင်း ကျွန်တော့်မျက်လုံး တစ်ဖက်ကရယ်လျက် မျက်လုံးတစ်ဖက်ကငိုလျက် ပြန်ရတော့မယ်။ ကျွန်တော်ဂျာမနီက ထွက်လာခဲ့တာကြာပြီ။ တခြားနိုင်ငံတွေမှာလည်း လေ့လာခဲ့ရသေးတယ်။ ဒါကြောင့် မိသားစုနဲ့ ပြန်ပြီးတွေ့ရမှာမို့လည်းပျော်တယ်။ ဒါပေ့မယ့် ခင်ဗျားတို့ရဲ့ ဒီလောက်ချမ်းသာတဲ့ တိုင်းပြည်က ထွက်ခွာရမှာအတွက်လည်း ၀မ်းနည်းမိတယ်။
အောင်သင်း ခင်ဗျားရဲ့ စိတ်ထဲမှာ ရုပ်ဝတ္ထ္ဘုပစ္စည်းတွေ အလျှံပယ်ပေါနေတာကို ချမ်းသာတယ်လို့ ထင်နေသလား။ ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေ ပေါပါတယ်၊ တစ်မျိုးပြီး တစ်မျိုး ပေါ်နေတာပဲ။ အဲဒါကြောင့် ဒီပစ္စည်းတွေနောက်က အမောတကော လိုက်နေကြရတယ်။ ဟိုဘက်ခန်းက ရေဒီယိုဝယ်တော့ ဒီဘက်ခန်းက ရေဒီယိုဝယ်နိုင်အောင် ကြိုးစား ရတယ်။
ဟိုဘက်ခန်းက ကက်ဆက်ဝယ်တော့ ဒီဘက်ခန်းက ကက်ဆက် ၀ယ်ရပြန်တယ်။ ဟိုဘက်ခန်းက ရုပ်မြင်သံကြားဝယ်တော့ ဒီဘက်ခန်းက ရုပ်မြင်သံကြား ၀ယ်နိုင်အောင် ကြိုးစားရတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်ခန်းက ၀ယ်လို့ပါ။ အဲဒီလိုမှ မ၀ယ်နိုင်ရင် နေလို့မရတော့ဘူး၊ စိတ်ဆင်းရဲနေရတာပဲ။ ကြာတော့ လူတွေဟာ ဘာ့ကြောင့် ဒီလိုလုပ်နေရတယ်ဆိုတာ ကိုယ့်ဘာသာ မသိကြတော့ဘူး။
သူများမှာရှိလျက်နဲ့ ကိုယ့်မှာမရှိရင် စိတ်မချမ်းသာတော့ဘူး၊ အဲဒီလို သူများနည်းတူ ၀ယ်လိုက်နိုင်မှပဲ သက်သာရာရတယ်။ အဲဒါကို သူတို့ ပျော်တယ်လို့ ထင်နေကြတယ်။ အဲဒီလို ပျော်တယ်လို့ထင်ပြီး သက်သာရာရအောင်လုပ်ရင်း သေကုန်ကြရတာပဲ။ ဒီမှာ မစ္စတာသင်း ဥရောပတစ်တိုက်လုံးမှာ လိုက်ရှာရင်တောင်မှ မဟာစည်တို့ ဝေဘူတို့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုး တစ်ယောက်စ နှစ်ယောက်စ တွေ့နိုင်မယ် ထင်သလား။
ခင်ဗျားတို့ဆီမှာ ဒီလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဘယ်လောက်များသလဲ၊ ဒီလို လူသားတိုင်း စိတ်ချမ်းမြေ့အောင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဘယ်လောက် ကြွယ်ဝတဲ့ တိုင်းပြည်လဲ၊ ဒီတိုင်းပြည်မျိုးကိုမှ ချမ်းသာတယ်လို့မပြောရင် ဘယ်တိုင်းပြည်မျိုးကို ပြောရမလဲ။
(ဂျာမနီ အမျိုးသား ပါဠိသုတေသီ ဒေါက်တာဘရောင်း ၁၉၇၄ ခုနှစ်က ဆရာအောင်သင်းကို ပြည်တော်ပြန်ခါနီးတွင် ပြောခဲ့သောစကားကို ဆရာတော် အရှင်ဇ၀န၏ အရှုံးမရှိသော ဒဿန စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Saturday, September 20, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၂)

အကယ်၍ သင်သည် အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့ အ၀တ်သင်္ကန်းကို ၀တ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကိုကြည့်လိုက်ပါ။ သူ၏ ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမူသည် လူ့လောကတွင် ကြီးမြတ်လှပါပေ၏။ (မူဆလင်ကဗျာဆရာ အပ္ပဒူလ်အတာဟီယ)

သိပ္ပံမပါတဲ့ ဘာသာရေးဟာအကျိုးပဲ၊ ဘာသာရေးမပါတဲ့ သိပ္ပံပညာကလည်း အကန်းပဲ။ (အိုင်းစတိုင်း)

ကမ္ဘာ့စိတ်ပိုင်းယဉ်ကျေးမူနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမူတို့ တိုးတက်ထွန်းကားရေးအတွက် လူ့သမိုင်းကြောင်းရှိ အခြားသောဩဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။(အိပ်ခ်ျဂျီဝဲလ်)

ကောင်းကင်မှာနေ၊လတွေရှိနေသမျှ မြေကမ္ဘာပေါ်မှာ လူတွေတည်ရှိနေသမျှ ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။ အကြောင်းမူ ယင်းသည်လူ့ဘာသာတရားဖြစ်၏။ ခြုံငုံ၍ဆိုရသော် လူသားမျိုးစုတစ်ရပ်လုံး၏ ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။ (သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း ဘဒ္ဒရာနှိုက်)

If you want to see the ardent love for Buddha-Sasana and earnestly put to practice , go to Burma and see.
သင်သည် ဗုဒ္ဓ၀ါဒကို အမှန်တကယ် စိတ်ပါမြတ်နိုး၍ လက်တွေ့ကျကျ အဟုတ်ကျင့်ကြံသည်ကို လေ့လာလိုပါလျင် မြန်မာနိုင်ငံသို့သွားပါ။ (ဆိုရိုးစကား)

ယခုလောက်ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်ခဲ့သည့် အချိန် ကာလကြီးတစ်လျှေက်လုံး အချုပ်အခြာအာဏာပိုင်ဆိုင်လာသော ဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ် ကွပ်မျက်သည်ဟူသော မှတ်တမ်း မှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့် ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွန်ုပ် မတွေ့ရပါချေ။ (ပါမောက္ခရိုက်စ်ဒေးဗစ်)

ဗုဒ္ဓဘာသာဝင်ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားကြီးအားလုံး လေ့လာခဲ့ပြီးဖြစ်၏။ လှပတဲ့အရာမှာရော ပြည့်စုံကုံလုံတဲ့နေရာမှာပါ ဗုဒ္ဓဘာသာရဲ့အမှန်တရား သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်တရားလမ်းစဉ်ထက်ပို၍ သာလွန်ကောင်းမြတ်တဲ့အရာ တစ်ခုမျှမတွေ့ရပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ့်ဘ၀ကိုယ်ပုံဖော်ရေးအတွက် ကျွန်ုပ်ကျေနပ်ရောင့်ရဲပါ၏။(ပါမောက္ခရိုက်စ်ဒေးဗစ်)

ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့်နီးစပ်၏။ သိရခက်ကြီးမျိုးထဲကမဟုတ်ဘဲ ရိုးစင်းသော၊ အဓိကဦးတည်ချက်ကြီးမားသော၊ အဖော်မမှီး တစ်ကိုယ်တည်း ဧကစာရီကျင့်သုံးသော ဥာဏ်ပညာတည်းဟူသော အလင်းဓာတ်အတွက် (မောဟ)ကိုတိုက်ဖျက်နေသော လူ့ဘ၀လက္ခဏာ ပြက်ပြက်ထင်ထင်ပေါ်လွင်ထင်ရှားသည့် မနုဿ လူသားတစ်ဦးကိုအလွယ်တကူပင်တွေ့မြင်နိုင်ပါသည်။ဒဏ္ဍာရီဆန်ဆန် တစ်ခဲနက်သောအံ့ဖွယ်သူရဲများနောက်ကွယ်ကမနုဿလူသားတစ်ဦးရှိသည်ဟုကျွန်ုပ်သိရှိခံစားရ၏။ထိုမနုဿလူသားကြီးကစကြာဝဠာအတွင်းရှိ လူသတ္တ၀ါတို့အား သတင်းစကားပေးအပ်ထားတော်မူခဲ့ပါ၏။ ကျွန်ုပ်တို့၏ အကောင်းဆုံးခေတ်အမြင်များနှင့် အနီးကပ်ဆုံး တူညီနေကြပါ၏။လူ့ဘ၀အတွင်းရှိအတိဒုက္ခများနှင့်မရောင့်ရဲမကျေနပ်မူများသည်အတ္တစွဲများကြောင့်ဖြစ်ရသည်ဟူ၍ ဗုဒ္ဓက ဟောကြားထားတော်မူခဲ့ပါပြီ။အတ္တစွဲသုံးမျိုးရှိ၏။ တစ်- ကာမတဏှာခေါ် ကာမဂုဏ်လိုလားလိုက်စားမူ၊ နှစ်- ဘ၀တဏှာခေါ် ဘုံဘ၀ကို တွယ်တာတပ်မက်မူ၊ သုံး- ၀ိဘ၀တဏှာခေါ် သေသွားသည့်နောက်လုံးဝပျောက်ပျက်သွားသည် ဟူသောအယူအဆကို တပ်မက် တွယ်တာမူတို့ဖြစ်ကြ၏။ ငြိမ်းအေးသူ တစ်ယောက်ဟူ၍ ဖြစ်မြောက်မလာမီ သူသည် ကာမဂုဏ်အာရုံများနှင့် အတ္တစွဲတို့ကို ပယ်စွန့်ရပါမည်။ ထိုအခါသူသည် ကြီးမြတ်သူတစ်ဦးနှင့် ပေါင်းဆုံသွားတော့၏။ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကပင် ဗုဒ္ဓသည် လူသတ္တ၀ါတို့ကို မိမိကိုယ်မိမိ မေ့လျော့နေသူများဟူ၍ ဘာသာစကားတစ်မျိုးဖြင့် ခေါ်ဆိုတော်မူခဲ့ပါပြီ။ ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့်ရော ကျွန်ုပ်တို့ လိုအပ်ချက်များနှင့်ပါ နီးစပ်ခဲ့ပါပြီ။ အကျိုးဆောင်လုပ်ငန်းတွင် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအရ အရေးပါအရာရောက်မူအပေါ် ဗုဒ္ဓက ပို၍နားလည်သဘောပေါက်၏။ ထို့ပြင် ပုဂ္ဂိုလ်ရေးရာအရ သေရ မသေရဟူသော ပြဿနာနှင့်ပတ်သက်၍ေ၀၀ါးခြင်းမရှိပါချေ။ (ကမ္ဘာ့သမိုင်းပညာရှင် အိပ်ခ်ျဂျီဝဲလ်)

စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ကမ္ဘာ့နိုင်ငံသားတစ်ဦးဖြစ်သည်။ သူသည် ကမ္ဘာကြီးကို သူ၏နိုင်ငံအဖြစ် သတ်မှတ်၍ ကမ္ဘာသူ၊ ကမ္ဘာသားများကို သူ၏ညီအစ်ကို မောင်နှစ်မများအဖြစ် သတ်မှတ်သည်။ (အရှင် နာရဒ)

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် အခြားသူတစ်ဦးဦး၏ ကျေးကျွန်မဟုတ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာရေးအတွက် မိမိ၏ လွတ်လွတ်လပ်လပ် တွေးခေါ် ဝေဖန်နိုင်ခွင့်ကို စွန့်လွှတ်စရာ မလိုအပ်ပါ။ သူ၏ လွတ်လပ်ခွင့်ကို ဆက်လက် ကျင့်သုံးနိုင်သည့်အပြင် သူကိုယ်တိုင် ဘုရားဆုပန်ပြီး ပညာပါရမီ ဆက်လက်တိုးတက် ဖြည့်ဆည်းရေးအတွက်ကိုသော်မှ ဗုဒ္ဓဘာသာက အားပေးထောက်ခံထားပါသည်။ အကြာင်းမူ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သမ္မာဗုဒ္ဓ၊ သုတဗုဒ္ဓဟူသော ဗုဒ္ဓလေးမျိုးတို့အနက် တစ်မျိုးမျိုးသောဗုဒ္ဓ ဖြစ်နိုင်သည့် ပင်ကိုစွမ်းရည်များ ရှိနေကြသောကြောင့်ဖြစ်၏။(မဟာနာယကထေရဘဒ္ဒန္တနာဒရ)

ဖီလိုဆိုဖီ မတောက်တခေါက်တတ်တာဟာ လူ့စိတ်ကို ဘုရားမဲ့၊ တရားမဲ့ ဝါဒဆီသို့ ညွှတ်စေပါ၏။ ဖီလိုဆိုဖီ များများတတ်ပြီး နှိုက်နှိုက်နဲနဲသိလာတဲ့အခါမှာတော့ ဖီလိုဆိုဖီက လူ့စိတ်ကို ဘာသာယုံကြည်ကိုးကွယ်မှုထဲသို့ နက်နက်နဲနဲ ရောက်စေနိုင်ပါတယ်။ (ဖရန့်စစ် ဘေကွန်)

သက်ရှိဟူသည် အသက်ရှင်လျက် သေရာအရပ်သို့ ရှေးရှုသွားနေကြသူများ ဖြစ်သည်။ (ထရိုင်ရင်-အပ်ဒ၀ပ်)

သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းတစ်ခု (သို့မဟုတ်) ကားအသစ် တစ်စီး (သို့မဟုတ်) အသံအလွန်ကောင်းသည့် စတီရီယို ကက်ဆက်တစ်လုံး ဒါမှမဟုတ် ကမ္ဘာ့ဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ အခွင့်အရေးဆိုတာတွေဟာ သင့်ကိုတစ်ကယ်ပဲ ကျေနပ်မူပေးနိုင်ပါရဲ့လား၊ တကယ်ပဲကျေနပ်မူပေးနိုင်ပါတယ်လို့ သင်ဆိုမယ်ဆိုပါတော့၊ ဒါဆိုရင် ကျွန်မပြောပြချင်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိုးစားရယူနေရင်းနဲ့ပဲ ၀မ်းနည်းမူ၊ စိုးရိမ်ပူပန်ရမူတွေ တွေ့ကြုံနေရပါတယ်။ ဒါကြောင့် ဒီလိုတပ်မက်မူ အဖုံဖုံကို လေးလေးနက်နက် စဉ်းစားသုံးသပ်လေ့လာကြည့်စေချင်ပါတယ်။ ၁၉၇၆ ခုနှစ်မတိုင်မီက ကျွန်မအခြားယောဂကျင့်စဉ်များကို ကျင့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မဟာ အဲဒီကျင့်စဉ်များကို အားရကျေနပ်မူမရှိခဲ့ပါဘူး။ ၁၉၇၆ ခုနှစ်၊ ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့သစ္စာလေးပါးတရားနဲ့ လက္ခဏာရေးသုံးပါးအကြောင်းကို ပထမဆုံးနာကြားရပါတယ်။ အဲဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်များမှလွဲ၍ ဘယ်အတွေးအခေါ် အယူအဆကိုမှ အားရကျေနပ်မူမရှိခဲ့ပါ။ (ဘာဘရာဂျင်နပ်စ်)

အစားကျူးတဲ့လူတစ်ယောက်ဟာ ပျင်းရိငိုက်မျဉ်းခြင်းကို မတွန်းလှန်နိုင်ဘူး။ ပျင်းရိပြီးအစားကြီးတဲ့လူဟာ ကာမရာဂကိုလည်း မရောင့်ရဲနိုင်ဘူး ။ ဒါကြောင့် ကိုယ်ကျင့်တရားဆိုင်ရာ ဒေသနာများမှာ မိမိကိုယ်ကို ထိန်းချုပ်တဲ့အခါ အစာတပ်မက်မှု ရသတဏှာကစပြီး ထိန်းချုပ်ကြရတယ်။ ဥပုသ်စောင့်ခြင်းဟာ မိမိကိုယ်ကိုထိန်းချုပ်ခြင်းဖြင့် သူတော်ကောင်းဘဝကို စတင်ထူထောင်တဲ့အခါ ပထမ အဆင့် လုပ်ရတဲ့အလေ့အကျင့် တစ်ခုပဲဖြစ်တယ်။ (လီယိုတော် စတွိုင်း)

ဆန့်ကျင်ဘက်အားဖြင့်မူ ဗုဒ္ဓဘာသာတရားတော်သည် တွေးခေါ်ပုံနည်းတစ်ခု၊ ဘာသာတရားတစ်ရပ်၊ နာမ်ပိုင်းသိပ္ပံပညာတစ်ရပ် ဖြစ်သည့်အပြင် ဘ၀တစ်သက်တာနေနည်းထိုင်နည်းနိဿရည်းတစ်ခု ဖြစ်၏။ ယင်းသည် ယုတ္တိတန် လက်တွေ့ကျ၏။ အားလုံးကို ခြုံငုံမိ၏။ နှစ်ပေါင်း ၂၅၀၀ကျော်ကြာ လူသားမျိုးနွယ်သုံးပုံနီးပါးမျှတို့၏ စိတ်ပိုင်းလိုအပ်ချက်ကို ကျေနပ်ရောင့်ရဲစေခဲ့ပါပြီ။အနောက်တိုင်းကို အကြိုက်တွေ့စေ၏။ မိမိကိုယ်မိမိ အားကိုးဖို့ ထပ်ပြန်တလဲလဲသတိပေး၏။ သူတစ်ပါးတို့၏ အရှုအမြင်ကို သည်းခံမူဖြင့် ထပ်ဆင့်ထား၏။ သိပ္ပပညာ၊ ဘာသာရး၊ ဒဿနိကဗေဒ၊ စိတ္တဗေဒ၊ စာရိတ္တ ပညာနှင့် အနုပညာတို့ကိုပါလွှမ်းခြုံထား၏။ လူသားတစ်ဦးတည်းကိုသာ လက်ရှိသူ့ဘ၀၏ ဖန်ဆင်းရှင်အဖြစ်နှင့် တစ်ဦးတည်းသော ကောင်းကျိုးဆိုးပြစ် ဖန်တီးသူအဖြစ် ဗုဒ္ဓဘာသာက ညွှန်ပြထား၏။ (ခရစ္စမာ့ ဟန်ဖရေး)

လူသည် အမြဲကိုးကွယ်ရာများ ဖန်တီးခဲ့ကြပြီး ယင်းတို့အားစွမ်းအားများပေးအပ်၍ ယင်းတို့ခြေရင်းတွင် တုန်ရင်ကြသည်။ (Seneca)

မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်း ရှင်းပြတော်မူသည့်အပြင် အိန္ဒိယတစ်နိုင်ငံတည်း၏ ကိုယ်ကျင့်တရားကိုသာသာမဟုတ်၊ လူသားတစ်ရပ်လုံး၏ ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင့်မားစေခဲ့သည်။ ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင်ပညာရှိ လူ့ပဂေးကြီးတစ်ဦး ဖြစ်ပါဘိ၏။ (အယ်လ်ဘတ်စဆိတ်စာ- အနာက်တိုင်းသားတွေးခေါ်ရှင်)

Destroy all pasions when you light Buddha's lamp.
ဗုဒ္ဓ၏မီးခွက်ကို ထွန်းညှိသောအခါ စိတ်ဆန္ဒအားလုံး ပယ်ဖျောက်ထားပါ။ (ဂျပန် စကားပုံ)

ကောင်းကင်ဘုံဆိုတာ ကိုယ်ပိုင်ကောင်းကင်ဘုံ ဖန်တီးဖို့ အရည်အချင်း မရှိတဲ့သူတွေအတွက် နှစ်သိမ့်ချက်ဖြစ်တယ်။ (Henry Thronder)

ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်များ မိမိကိုယ်မိမိ ထိန်းသိမ်း စောင့်စည်းရာစောင့်စည်းကြောင်းဖြစ်ပြီး အသက်သွေးကြောတမျှအရေးပါသော လက်စွဲ သိက္ခာပုဒ်များ ဖြစ်ကြ၏။ ယင်းသို့လျှင် ပါဏာတိပါတ ဟူသော ပထမ သိက္ခာပုဒ်သည် ဒေါသအလိုလိုက်အကြိုက်ဆောင်မူကို ထိန်းချုပ်စေ၏။ အဒိန္နဒါနာဟူသော ဒုတိယသိက္ခာပုဒ်သည် လောဘ အလိုလိုက်အကြိုက်ဆောင်မူကို ထိန်းချုပ်စေ၏။ ကာမေသုမိစ္ဆာစာရ ဟူသော တတိယသိက္ခာပုဒ်သည် သွေးသားဆာမွတ်မူ၊ အလိုလိုက်အကြိုက်ဆောင်မူကို ထိန်းချုပ်စေ၏။ မုသာဝါဒဟူသော စတုတ္ထသိက္ခာပုဒ်သည် သူရဲဘောကြောင်ခြင်း၊ သ၀န်တိုခြင်းဟုဆိုအပ်သည့် သစ္စာမဲ့ကြောင်းကို ထိန်းချုပ်စေ၏။ သုရာမေရယဟူသော ပဉ္စမသိက္ခာပုဒ်သည် အကုသိုလ်ရေးရာ စိတ်လှုပ်ရှားမူကို ထိန်းချုပ်စေ၏။ (အက်ဒ်မွန်ဟုမ်း)

ကိုယ်လုပ်ကိုင်ရသမျှနှင့် အသက်ရှင်ရပ်တည်နေကြရသည်။ ဒါပေမဲ့ ပေးကမ်းကူညီခြင်းဖြင့်သာ ဘ၀ကိုတည်ဆောက်ရမည်။ (Wiston Churchill)

Friday, September 19, 2008

ဘုရားသခင်နှင့်အိုင်းစတိုင်း

တက္ကသိုလ်ပါမောက္ခကြီးက ကျောင်းသားများကို အောက်ပါမေးခွန်းဖြင့် စိန်ခေါ်လိုက်သည်။
``ဘုရားသခင်က ဖြစ်တည်သမျှအရာရာကို ဖန်ဆင်းခဲ့တာလား´´
ကျောင်းသားတစ်ယောက် ရဲရဲဝံ့ဝံ့ပြန်ဖြေ၏။``ဟုတ်ကဲ့ဖန်ဆင်းခဲ့ပါတယ်´´ ``ဘုရားသခင်က အရာရာကိုဖန်ဆင်းခဲ့တယ်ပေါ့´´ဟု ပါမောက္ခက မေးလိုက်၏။
`ဟုတ်ပါတယ်ခင်ဗျာ´ဟု ကျောင်းသားက ပြန်ပြောသည်။
`တကယ်လို့ ဘုရားသခင်က အရာရာကိုဖန်ဆင်းခဲ့တယ်ဆိုရင် မကောင်းမှုက တည်ရှိနေတော့ သူဟာ မကောင်းမှုကိုလည်း ဖန်ဆင်းခဲ့တာပေါ့။ ငါတို့လုပ်ရပ်တွေဟာ ငါတို့ ဘယ်သူဆိုတာကို သတ်မှတ်တယ် ဆိုတဲ့ စည်းမျဉ်းအတိုင်းဆိုင် ဘုရားသခင်ဟာ လည်း မကောင်းမှုဖြစ်သွားပြီပေါ့´ဟု ပါမောက္ခကြီးက ဖြေလိုက်သည်။ ကျောင်းသားမှာ ဤသို့သော အဖြေမျိုး၏ ရှေ့မှောက်တွင် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ ပါမောက္ခကြီး မှာ ကိုယ့်ကိုယ်ကို ကျေနပ်သွားပြီး ခရစ်ယာန်သက်ဝင်ယုံကြည်မှုမှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ကြောင်း တစ်ကြိမ်မက သက်သေပြလိုက်ပြီဟု ကျောင်းသားများကို ကြွားဝါလိုက် ပါသည်။
အခြားကျောင်းသားတစ်ယောက်က လက်ကိုမြှောက်ပြ၍ `ကျွန်တော်မေးခွန်း တစ်ခု မေးလို့ရမလား။ ပါမောက္ခကြီးခင်ဗျား´ဟု ပြောလိုက်သည်။
`ရတာပေါ့´ဟု ပါမောက္ခကြီးက ပြန်ပြော၏။
ကျောင်းသားက မတ်တပ်ရပ်၍ `ပါမောက္ခကြီးခင်ဗျာ -အအေးဓာတ်ဟာ တကယ်ရှိပါသလား´ဟု မေးလိုက်သည်။
`မေးခွန်းက ဘယ်လိုမေးခွန်းမျိုးလဲ။ အအေးဓာတ်ဟာ တကယ်တည်ရှိတာ ပေါ့ကွ။ မင်း အအေးဓာတ်ကို မခံရဖူးလို့လား´
ကျောင်းသူကျောင်းသားများသည် ထိုသူငယ်၏မေးခွန်းအပေါ် ကြိတ်၍ ရယ် သွမ်းသွေးကြသည်။
လူငယ်ကပြန်ပြောပါသည်။ `တကယ်တော့ အအေးဓာတ်ဟာ မတည်ရှိပါဘူး ခင်ဗျာ။ ရူပဗေဒနိယာမအရဆိုရင် ကျွန်တော်တို့က အေးတယ်လို့ယူဆတာဟာ တကယ်က အပူဓာတ်ကင်းမဲ့နေတာပါ။ ခန္ဓာကိုယ်တိုင်း အရာဝတ္ထုတိုင်းမှာ စွမ်းအင်ရှိနေတာ၊ စွမ်း အင်အသွင်ကူးပြောင်းတာကို အလွယ်တကူချဉ်းကပ်လေ့လာကြည့်လို့ရပါတယ်။ အပူ ဓာတ်ဟာ ခန္ဓာကိုယ် ဒါမှမဟုတ် ရုပ်ဝတ္ထုကို စွမ်းအင်ရှိစေ၊ စွမ်းအင်အသွင်ကူးပြောင်းစေ ပါတယ်။ အကြွင်းမဲ့သုည(-460 ဒီဂရီဖာရင်ဟိုက်) ဆိုတာ အပူဓာတ်လုံးဝကင်းမဲ့နေခြင်း ဖြစ်ပါတယ်။ အဲဒီအပူချိန်မှာ ရုပ်ဝတ္ထုအားလုံးဟာ လှုပ်ရှားနိုင်တဲ့ သတ္တိကင်းမဲ့သွားပြီး မတုံ့ပြန်နိုင်တော့ပါဘူး။ အအေးဓာတ်ဆိုတာ တကယ်မတည်ရှိပါဘူး။ ကျွန်တော်တို့မှာ အပူဓာတ်လုံးဝကင်းမဲ့သလို ခံစားရတာကို ဖော်ပြဖို့သာ ဒီစကားလုံးကို ဖန်တီးလိုက်တာ ပါ´
ကျောင်းသာကဆက်ပြော၏။ `ပါမောက္ခကြီးခင်ဗျား၊ အမှောင်ဆိုတာကော တကယ်ရှိရဲ့လား´
ပါမောက္ခကြီးကတုံ့ပြန်လိုက်၏။ `တကယ်ရှိတာပေါ့ကွ´
ကျောင်းသားက ပြန်ပြောပါသည်။ `ဒီတခါလည်း ဆရာမှားပြန်ပြီ။ အမှောင် ဟာလည်း တကယ်မတည်ရှိပါဘူး။ အမှောင်ဆိုတာ တကယ်တော့ အလင်းရောင်ကင်းမဲ့ တာပါပဲ။ အလင်းရောင်ကို ကျွန်တော်တို့လေ့လာနိုင်တယ်။ အမှောင်ကိုလေ့လာလို့မရပါ ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ နယူတန်ရဲ့ သုံးမြှောင့်ဖန်တုံးကို အသုံးပြုပြီး အဖြူ ရောင်အလင်းတန်းကနေ အရောင်မျိုးစုံဖြာထွက်အောင်လုပ်ပြီး အရောင်တစ်ခုချင်းစီရဲ့ လှိုင်းအလျားအမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ အမှောင်ကို တိုင်းတာလို့မရနိုင်ပါဘူး။ အလင်းရဲ့ ရောင်ခြည်တန်းတစ်ခုတည်းက အမှောင်လောကကြီးကို ဖြိုခွင်းပြီး အလင်းပေးနိုင်ပါတယ်။ နေရာတစ်ခုဟာ ဘယ်လောက်မှောင်တယ် ဆိုတာ ဘယ်လို သိနိုင်သလဲ၊ ရှိ နေတဲ့ အလင်းပမာဏနဲ့ တိုင်းတာတယ်မဟုတ်လား။ အမှောင်ဆိုတာ လက်ရှိ အလင်း ကင်းမဲ့တဲ့အချိန်မှာ ဖြစ်နေတာကိုဖေါ်ပြဖို့ လူကအသုံးပြုတဲ့ ဝေါဟာရတစ်ခုပါပဲ။´
နောက်ဆုံး ထိုလူငယ်က ပါမောက္ခကြီးကို မေးခွန်းထုတ်လေသည်။ `မကောင်းမှုဆိုတာကော တကယ်ရှိပါသလားခင်ဗျား`
ဇဝေဇ၀ါဖြစ်နေသော ပါမောက္ခကြီးက တုံ့ပြန်လိုက်သည်။ `ရှိတာပေါ့ကွ ငါပြောပြီးသားပဲ။ ငါတို့နေ့တိုင်း ဒါကိုမြင်နေရတယ်လေ၊ လူက လူအပေါ် လူမဆန်စွာပြုမူ တဲ့အကြောင်း နေ့စဉ်ဥပမာထဲမှာရှိနေတာပဲ။ ကမ္ဘာကြီးက နေရာအနှံ့မှာ ရာဇ၀တ်မှု၊ အကြမ်းဖက်မှုတွေ အများကြီးထဲမှာလည်း ရှိနေတာပဲ။ အဲဒီသရုပ်သကန်တွေဟာ မကောင်းမှုကလွဲလို့ ဘာမှမဟုတ်ဘူးလေ´။
ဒါကို ကျောင်းသားကတုံ့ပြန်လိုက်၏။ `မကောင်းမှုဆိုတာလည်း တကယ် တော့မရှိပါဘူးခင်ဗျ။ အနည်းဆုံး သူ့ဘာသာသူ ရှိနေတာမဟုတ်ပါဘူး။ မကောင်းမှု ဆိုတာ ဘုရားသခင်ကင်းမဲ့နေတာပါ။ ဒါက အမှောင်နဲ့အအေးဓာတ်လိုပါပဲ။ ဘုရားသခင် ကင်းမဲ့နေတာကို ဖေါ်ပြဖို့ လူကဖန်တီးလိုက်တဲ့ စကားလုံးတစ်လုံးပါ။ ဘုရားသခင်က မကောင်းမှုကို မဖန်ဆင်းခဲ့ပါဘူး၊ မကောင်းမှုဆိုတာ အလင်းရောင်နဲ့ အပူဓာတ်တို့ တည် ရှိသလို တည်ရှိနေတဲ့ သက်ဝင်ယုံကြည်မှု၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာနဲ့ မတူပါဘူး။ မကောင်းမှုဆိုတာ လူ့နှလုံးသားထဲမှာ လတ်တလော ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေချိန်မှာ ဖြစ်ပေါ်လာတဲ့ ရလာဒ်ပါ။ အပူဓာတ်ကင်းမဲ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အအေးဓာတ် ဒါမှမဟုတ် အလင်းကင်းမဲ့တဲ့အချိန်မျာ ဖြစ်ပေါ်လာတဲ့ အမှောင်လိုပါပဲ´။
ပါမောက္ခကြီးမှာ ခုံပေါ်တွင် ထိုင်ချလိုက်လေတော့သည်။
ထိုလူငယ်၏အမည်ကား `အဲလ်ဘတ်အိုင်းစတိုင်း´ဖြစ်ပါသည်။
မှတ်ချက်။ ၂၀၀၈ စက်တင်ဘာလထုတ် Global English မဂ္ဂဇင်းတွင်ပါရှိသော ဆရာ ကျော်မြင့်(မြောင်းမြ)၏ ဆောင်းပါးကို ကောက်နှုတ်တင်ပြပါသည်။

ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ

ဘုရားလက်ထက်က နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး၊ ဒကာမကြီးနှစ်ယောက်ရှိပါတယ်။ သူတို့က ဘုရားကို သိပ်ချစ်ပါတယ်။ ဘုရားနဲ့လည်းပဲ အရင်ဘ၀ ဘ၀တွေ တော်တော်များများ သားအမိ သားအဘတော်ခဲ့ဖူးတာကိုး....။ စာထဲကအတိုင်းဆိုရင် နကုလပိတာနဲ့ နကုလမာတာ နှစ်ဦးစလုံးကို တစ်ပြိုင်နက် အဖေ၊ အမေ တော်ခဲ့ရတဲ့ဘ၀ကလည်း (၅၀၀) နည်းပါးလောက် ရှိတယ်။ နကုလပိတာက အခြားသူတစ်ဦးဦးနဲ့ အိမ်ထောင်ကျလို့ သူ့ကိုပဲ အဖေတော်ခဲ့ရတဲ့ဘ၀ကလည်း(၅၀၀) နီးပါးလောက်ရှိတယ်။ နကုလမာတာကလည်း တခြားခင်ပွန်းနဲ့ အိမ်ထောင်ကျလို့ သူ့ကို အမိတော်ခဲ့ရတဲ့ဘ၀တွေကလည်း (၅၀၀)လောက်ရှိတယ်တဲ့။

ဘ၀ပေါင်းများစွာ အမေ၊ အဖေ တော်ခဲ့ရတယ်ဆိုတော့ နကုလပိတာနဲ့ နကုလမာတာဟာ မြတ်စွာဘုရားကို တွေ့တွေ့ချင်း သားလိုပဲ အလွန်ချစ်တယ်။ ဘ၀ဘ၀ က ချစ်ခဲ့တဲ့အရှိန်အဟုန်က မကုန်နိုင်ပဲကိုး။ ဒါတကယ်ပဲ ဖြစ်တတ်ပါတယ်။
ဘုရားကိုမြင်လိုက်လို့ရှိရင် သူတို့က`သား´လို့ပဲ ခေါ်တယ်။ ဒါကို တခြား ရဟန်းတွေကကြားတော့ မြတ်စွာဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်တို့ဟာ သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော်မာယာလို့ ကြားဖူးတာပဲ။ အခုဒီ ဒကာကြီးနဲ့ဒကာမကြီး တွေက ဘုရားကိုတွေ့တော့ သားလို့ခေါ်နေတာ ဘာကြောင့်လဲလို့ မြတ်စွာဘုရားကိုမေး လျှောက်တော့ မြတ်စွာဘုရားကရှင်းပြတယ်။ ဘ၀ပေါင်းများစွာ သားအမိ၊ သားအဖတော် ခဲ့ရတဲ့သူတွေမို့လို့ ယခုဘ၀မှာလည်း တကယ့်မိဘရင်းမဟုတ်သော်လည်းပဲ မိဘအရင်း သားသမီးအရင်းလိုပဲတဲ့။
တစ်နေ့တော့ နကုလပိတာ ဒကာကြီးက မြတ်စွာဘုရားကို ဖူးဘို့ဆိုပြီး တော့ ကျောင်းတော်ကိုလာတယ်။ ရောက်တဲ့အခါကျတော့ ဘုရားကိုလျှောက်တယ်။ `မြတ်စွာဘုရား....တပည့်တော်နေ့တိုင်းပဲ မြတ်စွာဘုရားကိုဖူးချင်ပါတယ်၊ သံဃာတော် တွေကိုလည်း နေ့တိုင်းပဲဖူးချင်ပါတယ်။ ဒါပေမဲ့ အသက်ကကြီးပြီဘုရား၊ အသက်ကကြီး တော့ ခန္ဓာကိုယ်က အခုတစ်မျိုး တော်ကြာတစ်မျိုး ခဏခဏ အပြောင်းအလဲတွေဖြစ် တယ်။ အခုနေကောင်းပေမဲ့ တော်တော်ကြာ နေမကောင်းပြန်ဘူး၊ နေ့စဉ်လာချင်ပေမဲ့ လာလို့မရပါဘူး´....တဲ့။
အဲဒီတော့မြတ်စွာဘုရားက ပြန်အမိန့်ရှိတယ်။ ``တစ်မုဟုတ်လောက်ကိုယ့် ကိုယ်ကို ကျန်းမာတယ်လို့ပြောတဲ့သူဟာ အသိဉာဏ်နဲလို့ ပြောတာပါ။ဒီခန္ဓာကိုယ်ဆို တာ အစဉ်အမြဲပဲ ဒုက္ခဝေဒနာတွေဟာ အနဲနဲ့အများ ရှိနေတာပဲ´´တဲ့။
သူက မြတ်စွာဘုရားကို ဆက်လျှောက်တယ်။ ``မြတ်စွာဘုရား။ တပည့် တော် အသက်ကြီးပြီဘုရား။ တရားကို ရှည်ရှည်ဟောရင် တပည့်တော်မှတ်မိမှာ မဟုတ် ဘူး။ အဲဒီတော့ မှတ်မိလွယ်အောင် တိုတိုလေး ဟောတော်မူပါဘုရား´´တဲ့။ အဲဒီတော့ မြတ်စွာဘုရားက တကယ့်ကို တရားတိုတိုလေးဟောလိုက်တယ်။ ``အာတုရ ကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ´´တဲ့။ အဓိပ္ပါယ်က ``ခန္ဓာကိုယ်မှာနာကျင် သော်လည်းပဲ စိတ်မှာ မနာကျင်အောင်နေမယ်ဆိုပြီးကျင့်ပါ´´...တဲ့။
ရိုးရိုးလေးပေမယ့် ဒီတရားရဲ့အနှစ်သာရ အဓိပ္ပါယ်ဟာ အလွန့်အလွန်နက်နဲ ပါတယ်။ ဒီတရားဟာ ဘုန်းကြီးအကြိုက်ဆုံးထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
မအီမသာဖြစ်တဲ့ သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ သွား လာလုပ်ကိုင်လို့ ဖြစ်နေသေးလို့သာ သူ့ကို ရောဂါလို့အမည်တပ်မနေတော့တာပါ။ ရင်ထဲက ပူသလိုလို၊ မောသလိုလို၊ တစ်ခါတစ်လေ ခေါင်းထဲက မူးသလိုလိုဆိုတာတွေ ဟာ အနဲနဲ့အများ လူတိုင်းမှာရှိတယ်။ ငယ်ရွယ်တဲ့သူတွေ ဒီလောက်မသိဘူး။ စိတ်က လည်း တက်ကြွတဲ့အရွယ်၊ ခန္ဓာကိုယ်ကလည်း သိပ်ပြီးလှုပ်ရှားတဲ့အရွယ်ဖြစ်တယ်ဆို တော့ သတိမပြုမိလို့ပါ။ လုပ်စရာကိုင်စရာတွေ များနေတော့ ကိုယ်လုပ်ချင်ကိုင်ချင်တာ တွေကိုပဲ အာရုံစူးစိုက် စိတ်ဝင်စားနေပြီး ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ မအီအသာဖြစ်မှုကို သိပ်အရေးမစိုက်နိုင်ကြဘူး။ တကယ်တော့ မွေးခါစကထဲက မအီမသာတဲ့သဘောက ရှိနေပြီးသားပါ။
`` ဘယ်သူမဆို မအီမသာဖြစ်တဲ့သဘောဟာရှိပါတယ်။ ဒါကြောင့် တမုဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာတယ်၊ မအီမသာဖြစ်တဲ့သဘောမရှိပါဘူးလို့ ပြောတဲ့သူဟစာ အသိဉာဏ်နဲလို့ပြောတာပါ။ ဉာဏ်ရှိရင် သူဒီလိုမပြောဘူး´´
ဒါကြောင့် ``ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာ မနာအောင်နေ´´လို့ မြတ်စွာဘုရားဟောခဲ့တဲ့ အဆုံးအမဟာ တိုတိုလေးနဲ့ အင်မတန် နက်နဲတယ်။
ဒီနေ့မနက်ပဲ ဒါကာကြီးတစ်ယောက်က သူတရားအားထုတ်တာနဲ့ပတ်သက် ပြီး လာမေးလျှောက်ရင်းနဲ့ သူပြောပြတာ...``တရားအားထုတ်လို့ အင်မတန်သတိ၊ သမာဓိကောင်းနေတဲ့အခါမှာ ခန္ဓာကိုယ်မှာ အင်မတန်မခံနိုင်လောက်အောင် နာကျင်တဲ့ သဘောရှိသော်လည်းပဲ အဲဒီနာကျင်တဲ့သဘောကို သတိလေးနဲ့ စူးစူးစိုက်စိုက် ကြည့်ပြီး တော့ သိနေရတဲ့အခါမှာ နာတာက နာတာတခြား၊ သိတာက သိတာတခြားဖြစ်နေတယ်´ တဲ့။ ခန္ဓာကိုယ်မှာတော့ နာနေတယ်၊ ဒါပေမယ့် သိနေတဲ့စိတ်က ဘယ်လိုမှမဖြစ်ဘူး။ သိနေတဲ့စိတ်ကလေးက လွတ်နေတယ်တဲ့။ နာတာကို မကျေနပ်တဲ့စိတ် `ဒေါမနဿ´ မဖြစ်ဘူးတဲ့။
သတိလေးနဲ့ကြည့်နေတယ် ဆိုကတည်းက သိတဲ့စိတ်က ဝေဒနာထဲမှာ ရော ပါမသွားဘူး။ နာနေတဲ့ဒုက္ခဝေဒနာသဘောက အာရုံအဖြစ်နဲ့ သီးခြားရှိနေတယ်။ အဲဒီ အာရုံကို သိနေတဲ့စိတ်ကလေးက သူ့ဟာသူ ခပ်ခွာခွာဘေးကနေ အဝေးကနေ ထိုင်ကြည့် ရသလိုပဲ။ နဲနဲကလေးခွာပြီးတော့ ကြည့်နေတော့ ၀င်ပူးပြီးတော့ ခွါမသွားဘူး ရောပါမသွားဘူး။
သတိလေးနဲ့နေတဲ့အခါမှာ အတွေးအတောမရှိဘူး။ သတိတကယ်ကောင်းနေ တဲ့အခါမှာ သမာဓိကလည်း အင်မတန်ကောင်းတယ်။ သတိ၊ သမာဓိ၊ ကောင်းနေတဲ့အခါ မှာ အတွေးမရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ် ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုဘဲ မြင်ရတယ်။ Impersonal ဖြစ်သွားတယ်။ အတွေးက သူ့ကိုလိုက် တွေးလိုက်ရင် ရောပါသွားပြီးတော့ Personal ဖြစ်လာတယ်။ ဒါ့ကြောင့် ပိုပြီးတော့နာ တယ်၊ မခံနိုင်ဘူး။
စိတ်ထဲက ``နာလိုက်တာ၊ မခံနိုင်တော့ဘူး´´ ဆိုရင် ဒေါမနဿဝေဒနာတွေ ဖြစ်လာတယ်။ ဒုက္ခဝေဒနာဟာ ဒေါမနဿကိုဖြစ်စေတယ်။ ဒေါမနဿရဲ့သဘောက ဖြစ်ပေါ်လာတဲ့ဝေဒနာကို မြန်မြန်ဖျောက်ပစ်ချင်တယ်၊ လက်ခံမထားချင်ဘူး၊ သည်းမခံနိုင် ဘူး။ ဒေါမနဿရဲ့သဘောက ခံနိုင်တဲ့အရည်အချင်းမရှိဘူး။
သတိ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်ကဖြစ်ပေါ်လာတဲ့ အာရုံအပေါ်မှာ အလိုအလျောက် တုန့်ပြန်မှု ( React) မလုပ်တော့ဘူး။ ဖြစ်ပေါ်လာတဲ့အာရုံကို အသာ လေးဘေးကထိုင်ကြည့်ရသလို ကြည့်လို့ရလာတယ်။ ဒီလိုကြည့်လို့ရလာလို့ရှိရင် နာတာတော့ ရှိတယ်။ နာတာကို ငါနာတယ်လို့မထင်ဘူး။ ခြေထောက်နာနေတယ်ဆိုရင် သတိလေးနဲ့ သေချာကြည့်တဲ့အခါ ခြေထောက်ဆိုတာ ပျောက်သွားတယ်။ နာတာလေး ပဲရှိတယ်။ အဲဒီ နာတာလေးကို သိတာပဲရှိတယ်။
အဲဒီလို involve မဖြစ်တဲ့အခါ၊ သူနဲ့ပတ်သက်ပြီးတော့ အတွေးအတော မရှိ တဲ့အခါ၊ အဲဒီဝေဒနာနာရဲ့ သဘောသဘာဝဟာ အရင်တုန်းကပုံစံမျိုး၊ အရင်တုန်းက သဘာဝမျိုး မဟုတ်တော့ဘူး။ ဒါကြီးပျောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ပျောက်လည်း မပျောက်နိုင်ပါလားလို့ မတွေးမိဘူး။ အတွေးရှိနေတဲ့အခါမှာ ဝေဒနာရဲ့သဘာဝဟာ ခံစားရတာ တစ်မျိုးဖြစ်နေတယ်။ အတွေးအတော လုံးဝမရှိတော့တဲ့အခါမှာ၊ သက်သက် ကြီး သိနေရတဲ့အခါမှာ ခံစားရတဲ့ဝေဒနာရဲ့သဘာဝဟာ နောက်တစ်မျိုးပြောင်းသွားတယ်
နေမကောင်းလို့ ကိုက်ခဲနေတာ နာနေတာကို ပျောက်အောင်၊ သက်သာ အောင် ဆေးသောက်သင့်ရင်လည်း သောက်ရတာပေါ့။ ဒါပေမဲ့ ဆေးသောက်ထားပါ လျက်နဲ့ သူ့ဟာသူ နာနေတာကို စိတ်ထဲကတွန်းဖယ်နေတာ (resist) မရှိတော့ဘူး။ ဘယ်လိုမှ resist မလုပ်တော့ဘူး။ သူ့ဟာသူ ပျောက်ချင်လည်းပျောက်၊ မပျောက်ချင် လည်းနေ၊ ကိုယ့်ဟာကိုယ် လုပ်သင့်တာတော့ လုပ်ပြီးပြီ၊ အသာလေး သတိလေးနဲ့ကြည့် နေမယ်ဆိုရင် ဝေဒနာရဲ့သဘောက တစ်မျိုးပြောင်းသွားတယ်။ တကယ် အတွေးမရှိ တော့ဘဲနဲ့ ဝေဒနာရဲ့သဘောကို နာမည်မတပ်ဘဲနဲ့ ပရမတ်ကျကျ၊ ပစ္စုပ္ပန်တည့်တည့် သိ နေတဲ့အချိန်မှာ ဝေဒနာရဲ့ (nature) သဘာဝဟာ ပြောင်းသွားတယ်။
ဘယ်လိုဝေဒနာသဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ် ဖြစ်၊ ကျင်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေးလျှော့ထားပြီး တော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ် လုံးဝမရှိဘဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့ သဘာဝဟာ ပြောင်းသွားမယ်။ စိတ်ကို relex လုပ်ပြီးတော့ နူးညံ့တဲ့စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမူလည်း ရသွားတယ်။
ဝေဒနာရဲ့ သဘောက သူ့ကို Resist လုပ်လေလေ ပိုပြီးတော့ နာလေလေပဲ။ မခံချင်တဲ့စိတ် အားကြီးလေလေ ခံရခက်လေလေပဲ။ လုပ်သင့်တဲ့ ဆေးဝါးကုသမှုကိုတော့ လုပ်ပါ။ လိမ်းသင့်ရင် လိမ်းပါ၊ သောက်သင့်ရင်လည်းသောက်ပါ၊ ထိုးသင့်ရင်လည်းထိုးပါ။ လုပ်သင့်တာတွေကို လုပ်ပြီးတဲ့အခါမှာ စိတ်ကလေးနဲ့ သူ့ကို အသာလေး ကြည့်ပြီးတော့ သိပြီးတော့နေပါနော်။ သူ့ကို အနတ္တအဖြစ်နဲ့ မြင်နိုင်လို့ရှိရင် ဒုက္ခအများကြီး သက်သာ သွားတယ်။
တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲရောက်အောင် နာလို့မရပါဘူး။ စိတ်က သူ့ကို လက်ခံမထားချင်ဘူး၊ သူ့ကို မကြိုက်ဘူး၊ မုန်းတယ်၊ မရှိစေ ချင်ဘူး၊ မြန်မြန်ဖျောက်ပစ်ချင်တယ်၊ မြန်မြန်သက်သာသွားချင်တယ်။ အဲဒီလို သူ့ကို (resist)လုပ်လေလေ၊ (attack)လုပ်လေလေ စိတ်ထဲမှာ ပိုပြီးတော့ tensionများလေလေ ပဲ။ စိတ်ကြီးက တင်းကျပ်ပြီးတော့ ပင်ပန်းဆင်းရဲပြီးတော့ နေတော့တာပေါ့။
Resist မလုပ်ဘဲနဲ့ စိတ်ကို နူးညံ့အောင် ထားနိုင်လို့ရှိရင် စိတ်ချမ်းသာနေ တယ်။ စိတ်ကလေးကို Relex လုပ်ထားပြီးတော့ လုံးဝ Resist မလုပ်ဘဲ နူးနူးညံ့ညံ့လေး ကြည့်နေလို့ရှိရင် ဒီလိုကြည့်နေရတာကိုက စိတ်ကလေးတည်ငြိမ်ပြီးတော့တစ်မျိုးတောင် ချမ်းသာသလို ဖြစ်လာတာရှိတယ်။ တကယ် သတိ၊ သမာဓိ ကောင်းလာရင် အဲဒီလိုပဲ တွေ့ရတယ်။
ဒါ့ကြောင့် ဘယ်လိုဝေဒနာမျိုး ဖြစ်လာ ဖြစ်လာ၊ အဲဒီဝေဒနာကို စိတ်အေးအေး နဲ့ ကြည့်ဖို့လိုပါတယ်။ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ဒီလိုဝေဒနာမျိုးကို သတိ လေးနဲ့ အေးအေးလေးကြည့်တဲ့အကျင့်ရသွားတဲ့လူဟာ ဒီထက်ပိုဆိုးတဲ့ ဝေဒနာမျိုးကြုံ လာရင်လည်း ဒီအရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမှာပဲနော်။
တချို့ဝေဒနာတွေဟာ ဆေးဝါးကုသလည်းပဲ ပျောက်ချင်မှ ပျောက်မယ်။ မပြောနိုင်ဘူး။ အဲဒီအခါ ဖြစ်ပေါ်လာတဲ့ဝေဒနာပေါ်မှာ ကိုယ့်သဘောထားမှန်ဖို့ အရေး ကြီးတယ်။
လူတွေဟာ ဘ၀တစ်လျှောက်လုံး အမြဲတမ်း resistant နဲ့ပဲ နေသွားကြတာ။ ကိုယ်မဖြစ်ချင်တာဖြစ်လာရင် ``ငါမှ ဖြစ်ရလေခြင်း၊ ငါ့ကျမှ ဘာကြောင့် ဒီဒုက္ခတွေ ဖြစ် နေရပြန်တာတုန်း´´ဆိုပြီး အမျိုးမျိုးစိတ်ဆင်းရဲတယ်။ ခန္ဓာကိုယ်မှာ နာတာ နောက်မှာ လိုက်ပြီးတော့ resistant ကြောင့် စိတ်ပါနာသွားတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဆူးတစ်ချောင်း စူးဝင်နေတာကို နောက်ဆူးတစ်ချောင်းနဲ့ ကလော်ထုတ်ဖို့ ကြိုးစားရင်း ကနေ နောက်ဆူးပါကျိုးပြီးတော့ အသားထဲမှာ ကျန်ရစ်သွားတယ်။ နှစ်ချောင်းနာသွား တာပေါ့။ ဆူးနှစ်ချောင်း စူးတဲ့ဒုက္ခ ရောက်သွားတယ်။ ခန္ဓာကိုယ်မှာ သူ့ဟာသူ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်သဘာဝတွေ ဖေါက်ပြန်လို့ဖြစ်စေ၊ ကံ ကံ၏ အကျိုးပေးမှုကြောင့် ဒုက္ခဝေဒနာတွေ ဖြစ်လာလို့ဖြစ်စေ၊ သတိရှိတဲ့လူ ဉာဏ်ရှိတဲ့လူဟာ ဆူးတစ်ချောင်းပဲ အစူးခံမယ်၊ နှစ်ချောင်းတော့ အစူးမခံဘူး။ ခန္ဓာကိုယ်နာသော်လည်း စိတ် အနာမခံဘူး။ ဉာဏ်ရှိတဲ့လူဟာ ဒီလိုနေလို့ရတယ် နော်။ တစ်ချောင်းဆူးတာမှာ နောက်တစ်ချောင်းပါ အစူးခံလို့ရှိရင် ဉာဏ်ပညာနဲတယ်လို့ ပြောရမှာပေါ့။
အဲဒီတော့ တရားကို အလေ့အကျင့်လုပ်ပြီးတော့ အားထုတ်နေဖို့လိုတယ်။ ကြီးကြီးကျယ်ကျယ် ဗြုန်းခနဲကြုံလာခါမှ စဖို့ဆိုရင်တော့ နဲနဲခက်တယ်။ စောစော ကတည်းက အချိန်ရှိတုန်းမှာ သတိနဲ့နေတဲ့အကျင့်လေး၊ involve ဖြစ်မသွားဘဲနဲ့၊ အသာ လေး ကြည့်ပြီးတော့၊ သိပြီးတော့ နေလို့ရတဲ့ အကျင့်လေးကို ထူထောင်ဖို့လိုတယ်။ တချို့ တော်တော်နောက်ကျသွားမှ တရားအားထုတ်ဖို့ သတိရတယ်။ ဒီလိုလူတွေကို သိပ်သနားတယ်။ နှမြောလည်း နှမြောတယ်။
တရားရဲ့အကျိုးကို တကယ်ရချင်ရင် နေ့တိုင်းအားထုတ်မှဖြစ်မယ်နော်။ အလေ့အကျင့် အမြဲတမ်းလုပ်ထားမှဖြစ်မယ်။ ဒီလို သတိနဲ့နေတဲ့နည်းဟာ အသက်သာ ဆုံး နေတဲ့နည်းပဲ။ သတိနဲ့ မနေလို့ရှိရင် ပိုပြီးတော့ ဒုက္ခများတယ်။ စိတ်လည်းပင်ပန်း တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို သနားတယ်ဆိုလို့ရှိရင် သက်သာအောင်နေတဲ့ နည်းလေနဲ့ နေမှ .....။
လောကီကိစ္စတွေကိုပဲ အရေးကြီးတယ်ထင်ပြီးတော့ အဲဒီထဲမှာပဲ အချိန်တွေ အများကြီး ကုန်ကုန်သွားနေကြတာပဲ။ တရားအားထုတ်ဖို့ အချိန်မပေးနိုင်ကြဘူး။ လောကီကိစ္စတွေ အဆင်ပြေနေတုန်းမှာလည်းပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို အေးချမ်း အောင် သက်သာအောင် ထားရမယ်။ ဒီလို အေးချမ်းအောင် သက်သာအောင် ထားတဲ့ အလေ့အကျင့်ကို မလုပ်လာတဲ့လူဟာ အကြီးအကျယ်ဒုက္ခရောက်တဲ့အခါကျရင် ဘာလုပ် ရမှန်းမသိဖြစ်သွားတတ်တယ်။
ဒီရန်ကုန်မှာ ဘုန်ကြီးနဲ့သိတဲ့ ဒကာကြီးတစ်ယောက်ဟာ သူ့မှာ အိပ်ဆေး မသောက်ရင် အိပ်လို့မပျော်တော့ဘူးတဲ့။ အဲဒါကို သူ ဘယ်လို လုပ်ရမလဲဆိုတာမေး တယ်။ အိပ်ဆေးသောက်တာတောင်မှ တစ်ခါတလေ နှစ်နာရီ သုံးနာရီကြာရင် ပြန်နိုး တယ်။ အိပ်လို့မရဘူး။ သူက အလုပ်ကို အင်မတန်ကြိုးစားတယ်။ ရာထူးလည်း တော်တော်လေးကြီးနေပြီ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကျန်းမာရေးဟာ မကောင်းတော့ဘူး။ သူ့စိတ်ကလည်း ကျန်းမာရေးမကောင်းတော့ဘူးလို့ ဆိုရမယ်။
သူ့အမူအယာကိုကြည့်ရတာ အိပ်ဆေးသောက်တာ များလွန်းလို့ ထိုင်းထိုင်း မှိုင်းမှိုင်းဖြစ်နေတယ တွေ့ရတယ်။ သိပ်သနားမိတယ်။ ``သြော်.... သူ့စိတ်နဲ့ခန္ဓာကို စောင့်ရှောက်ဖို့ရာ သတိမရဘူး။ အလုပ်ကိုတော့ တော်တော်ကြိုးစားတယ်။ ရာထူးက တော်တော်ကြီးသွားပြီ။ ဒါပေမဲ့ အိပ်လို့မပျော်ဘူး၊ စိတ်မချမ်းသာတော့ဘူး´´လို့ တွေးမိ တယ်။
အဲသလိုအခြေအနေ သိပ်ဆိုးတဲ့အဆင့်ကို မရောက်သေးခင်မှာ ကြိုကြိုတင် တင်လေး လုပ်ထားမယ်ဆိုရင် ဒီလိုအဖြစ်မျိုးကို ရောက်ကိုရောက်မှာ မဟုတ်တော့ဘူး။ ခန္ဓာကိုယ်နဲ့စိတ်ကို အမြဲတမ်း အေးချမ်းနေအောင် relex လုပ်ပြီးတော့ ထားတတ်ရင် ဒီလိုမဖြစ်ဘူး။ ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်ကတည်းက အလေ့အကျင့်လုပ်ရင်သိပ် ကောင်းတယ်။
တရားအားထုတ်ရတာ ပင်ပန်းတယ်ထင်လို့ နေ့တိုင်း မလုပ်ဖြစ်တာလားလို့ တောင် မေးလိုက်ချင်တယ်။ တရားအားထုတ်ရတာလောက် အပန်းပြေတာမရှိဘူး။ တရားအားထုတ်ရတာကို အလေ့အကျင့် ရသွားတဲ့လူဟာ ဘယ်လိုပြောလဲဆိုတော့ ``တပည့်တော် အလုပ်လုပ်လို့ တအားပင်ပန်းလာရင် တရားပဲထိုင်တော့တာပဲ´´တဲ့။ နာရီဝက်လောက်ထိုင်မိတယ်ဆိုရင်ပဲ ပင်ပန်းတာတွေဟာ တဖြည်းဖြည်းပြေပြီးတော့ ပျောက်သွားတယ်။ ဘယ်လောက်ကောင်းသလဲ စဉ်းစားကြည့်စမ်းပါ။
မနက်မှာ နာရီဝက်လောက်ထိုင်လိုက်ပါ။ ကောင်းရင်ကောင်း မကောင်းရင်နေ ပါစေ။ မနက်စောစောဆိုတာ အိပ်ရေးဝပြီးတော့ နိုးတဲ့အချိန်၊ ခန္ဓာကိုယ်မှာ အနားရတား တယ်။ အားတွေပြည့်နေတယ်။ စိတ်ကလည်း အိပ်ရေးဝထားတဲ့အတွက်ကြောင့် နဲနဲတော့ တည်ငြိမ်မှုရှိတယ်။ စိတ်ထဲမှာ လုပ်စရာကိုင်စရာတွေ အတွေးတွေ ရှုတ်ထွေးပြီးတော့ ပေါ်မလာသေးဘူး။ အဲဒါကြောင့် စောစောစီးစီးထပြီးတော့ မျက်နှာသစ်ပြီးတော့ ခဏ လေး တရားထိုင်ဖို့ကောင်းတယ်။ အလေ့အကျင့် နေ့တိုင်းလုပ်ထားတဲ့လူဆိုရင် အဲဒီ ခဏ လေးဟာ အင်မတန် တန်ဖိုးရှိတယ်။
အလေ့အကျင့်ရနေပြီဆိုရင် တရားထိုင်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ရိုက်သိလို့ရတဲ့အာရုံနဲ့ သဘာဝလေးတွေကို လွယ်လွယ်ကူကူသိနိုင်တယ်။ ဘယ် အာရုံကိုဖြစ်ဖြစ် တစ်ခုခုကိုသိနေရင်ရတာပဲ။ ခန္ဓာကိုယ်မှာ အာရုံ (Sensation)က လွဲလို့ သိလို့ရတဲ့အရာ မရှိဘူး။
မာတာပျော့တာ ရုပ်ရဲ့သဘာဝပဲ။ မာမှန်း ပျော့မှန်း ဘယ်လိုလုပ်သိသလဲဆိုရင် မာတဲ့အာရုံခံစားမှုအဖြစ်နဲ့ သိရတယ်၊ ပျော့တဲ့အာရုံခံစားမှုအဖြစ်နဲ့ သိရတယ်။ အာရုံ အဖြစ်နဲ့ ခံစားမှပဲ သိရတာပါ။ အာရုံအဖြစ်နဲ့ မခံစားရရင် မသိနိုင်ဘူး။ အရာရာတိုင်းကို အာရုံအဖြစ်နဲ့ ခံစားပြီးတော့ပဲ သိကြရတာပါ။ ခန္ဓာကိုယ်မှာ ခံစားမှုကလွဲလို့ တခြားဘာကိုမှ သိလို့မရပါဘူး။
တစ်ခုခုကို သိထားတဲ့နေရာလေးကို အာရုံပြုကြည်ရင် မာတာသိတယ်။ပျော့ တာသိတယ်၊ နွေးနေတာ သိတယ်၊ အေးနေတာ သိတယ်။ ဒီထက်ပိုပြီးတော့ သတိထား ကြည့်လို့ရှိရင် လှုပ်ရှားမှုလေးတွေရှိတယ်။ ဒီအာရုံလေးတွေကို သိဖို့ရာမခက်ပါဘူး။ ပစ္စုပ္ပန်တည့်တည့် သိနေရင် ဘာမှ ကြံစည်တွေးတောစရာမရှိဘူး။ကြံစည်တွေးတော ပြီးမှ သိတဲ့အာရုံဟာ ပစ္စုပ္ပန်တည့်တည့်အာရုံမဟုတ်ဘူး။ ပရမတ်လည်းမဟုတ်ဘူး။ စိတ်ကူးနဲ့ သိလို့ရတဲ့အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။
ပရမတ်အကြောင်းပင်ဖြစ်သော်လည်း တွေးတဲ့အချိန်မှာ ပညတ်ပဲဖြစ်သွားတာပဲ။ အတွေးနဲ့သိသမျှအားလုံးဟာ ပညတ်တွေပဲ။ မာတဲ့အကြောင်းကို အတွေးနဲ့ထိုင်တွေး နေရင် ပရမတ်မဟုတ်ဘူး။ ပညတ်ပဲဖြစ်သွားတယ်။ တွေးနေတာမဟုတ်ဘဲနဲ့ တကယ်ထိ ပြီးတော့ သိနေတဲ့အချိန်မှာ ပရမတ် တည့်နေတာပဲ။
ခန္ဓာကိုယ်မှာ မာတာ ပျော့တာ၊ ပူတာ အေးတာ၊ လှုပ်တာ ရှိနေတာပါပဲ။ လှုပ်တယ်ဆိုတာမှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်တာလည်းရှိသလို အင်မတန် သိမ်သိမ်မွေ့မွေ့ လှုပ်တာလည်းရှိတယ်။ သေသေချာချာ သတိထားကြည့်ရင် ဘယ်နေရာဖြစ်ဖြစ် တုန်ခါ နေတဲ့သဘော ရှိတယ်။ လက်နှစ်ဖက် ထိထားတယ်ဆိုရင် အဲဒီထိတဲ့နေရာလေးကို အာရုံ ပြုကြည့်စမ်းပါ။ တုန်ခါမှုရှိနေတယ်။ ခန္ဓာကိုယ်မှာ မတုန်တဲ့နေရာရယ်လို့ မရှိဘူး။ နေရာ မလပ်တုန်နေတယ်။ Vibration သဘောမျိုးရှိနေတယ်။ အဲဒီတော့ တစ်ခုခု ထင်ရှားတာ၊ သိလွယ်တာကို focal point အဖြစ်နဲ့ ထားပြီးတော့ အမြဲတမ်းအလေ့အကျင့်လုပ်ဖို့ ကောင်းတယ်။
(မှတ်ချက်။ ဆရာတော်ဦးဇောတိက၏ စိတ်နွမ်းသော်လည်း ကိုယ်မပန်းပါ စာအုပ်မှကောက်နှုတ်ထားပါသည။်)

ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဖိုသီ၊ ဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိတ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ှခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန့်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့်၊ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမူတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ..... ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။
( Ref; အမျိုသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန် ရေးသားပါသည်။)

Saturday, September 13, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၁)

ဘာသာအယူဝါဒအသီးသီးကို နှိုင်းယှဉ်လေ့လာသူ သုတေသီ တစ်ဦးအနေနှင့် ကျွန်ုပ်ယုံကြည်သည်က ဗုဒ္ဓဘာသာသည် ကမ္ဘာမှာပေါ်ထွန်းသော ဘာသာတရားခပ်သိမ်းတို့တွင် ပြီးပြည့်စုံဆုံးသောဘာသာတရားတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓ၏အဘိဓမ္မာ ၊ ပဋိစ္စသမုပ္ပဒ် တရားနှင့် ကမ္မနိယာမသဘောတရားများသည် အခြားယူဝါဒအားလုံးတို့ထက် သာလွန်ပါသည်။ (ပါမောက္ခကားလ် ၊ ဂူစတပ်ယန်း)

နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တယူသန်ဝါဒ ၊ တရားသေ၀ါဒ များကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝ တရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ် ၊ နာမ် တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။ ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ဖြည့်စည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ (ဒေါက်တာ အဲလ်ဘတ် အိုင်းစတိုင်း)

ကျွန်ုပ်တို့သည် အမှန်မှာပုဂ္ဂိုလ် ၊ သတ္တ၀ါ မဟုတ်ကြပါပဲလျက် ပုဂ္ဂိုလ်သတ္တ၀ါဟု ရှုမြင်သုံးသပ် ဆင်ခြင်ခဲ့သောကြောင့်သာ သေခြင်းတရားကို ခွင့်မလွှတ်နိုင်စရာလို့ ထင်မှတ်နေခြင်းဖြစ်သည်။(၀ီးလ်ဒျူရန့်)

သိပ္ပံလောကတွင် အမြဲထာဝရဖြစ်သော အထည်ဒြပ် ၊ အတ္တဟူ၍ ဘာဆိုဘာမှ မရှိတော့ပါ။ (အက်ဒင်တန်)

ကမ္ဘာ့သမိုင်းမှာ နှစ်ပေါင်း ၂၅၀၀ ကျော်လာသည်ထိ သူ(ဗုဒ္ဓ) ၀ါဒ အောင်မြင်စွာစည်းရုံးနိုင်ခဲ့တာကိုတော့ ကျုပ်တို့ အလေးအမြတ် ပြုရမယ်။ (၀န်ကြီးချုပ် ကရူးရှက်)

အကယ်၍ အီလက်ထရွန်တစ်လုံးဟာ တစ်နေရာထဲမှာ ရပ်တည်ပြီးနေနိုင်သလားမေးရင် မနေနိုင်ဘူးလို့ဖြေရမယ်။ အီလက်ထရွန်ဟာ ငြိမ်သက်ပြီးနေသလား မေးရင်လည်း မနေဘူးပဲဖြေရမယ်။ ရွေ့လျားပြောင်းလဲနေသလား မေးရင်လည်း မဟုတ်ဘူးပဲဖြေရမယ်။ မြတ်ဗုဒ္ဓကလည်း လူသေပြီးနောက်ပိုင်း ဖြစ်တည်ခြင်းရှိသေးသလား ဆိုတဲ့မေးခွန်းမေးသူကို အဖြေပေးရင် သူတို့ခေတ် သူတို့အခါက ဥာဏ်အဆင့် အတန်းနဲ့ဆို (အဏုမြူ သိပ္ပံအဖြေကို) ၁၇ ရာစု ၊ ၁၈ ရာစုက လူတွေရဲ့အစဉ်အလာ အယူအဆတွေကြောင့် နားလည်နိုင်မှာ မဟုတ်သလိုပဲ ။(ရောဘတ်အိုပင် ဟိုင်းမား)

သိပ္ပံပညာ၏ ချီတက်မှုသည် ဗုဒ္ဓ၀ါဒ၏ အောင်ပွဲရမှုပင်ဖြစ်သည်။ သိပ္ပံပညာ၏ အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓ၀ါဒအား အကောင်းဆုံးသက်သေပြချက်များသာဖြစ်သည်။ (ဆာ့ဟရီ ဆင်ဂိုး)

ဖန်ဆင်းရှင်ဝါဒယုံကြည်သူ။ ။ "ဂန္ဓီ ၊ ကျွန်တော်တို့ ဘာသာကို ၀င်ပါ၊ ကျွန်တော်တို့ဘာသာဝင်ဖြစ်သွားရင် မကောင်းတာတွေ ဘယ်လောက်လုပ်လုပ် ဘာအပြစ်မှ မခံရဘူး။ ထာဝရဘုရားက အကုန် တာဝန်ယူတယ်။ "
မဟတ္တမ ဂန္ဓီ ။ ။ " ကျွန်တော်က မကောင်းတာတွေ လုပ်ပြီးမှ အပြစ်မခံရအောင် လုပ်ပေးတာကို မကြိုက်ဘူး။ ကျွန်တော့်စိတ်ထဲမှာ မကောင်းတာ မလုပ်ဖြစ်အောင် လုပ်ပေးတာကိုပဲ ကြိုက်တယ်"

ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသော ဘာသာမဟုတ် ၊ မူဝါဒဖြင့် နေထိုင်ရသော ဘ၀ဖြစ်၏ ။ အကျိုးဆက်အားဖြင့် သည်းခံသော ဘာသာတရားတစ်ခုဖြစ်၏။ ယင်းသည် နေမင်းကြီး အောက်ရှိ စိတ်ကောင်းစေတနာအရှိဆုံး စနစ်တစ်ခုဖြစ်ပါသည်။ (ခရစ်ယာန် ဘုန်းတော်ကြီး ဂျိုးဇက်ဝိန်း )

ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့ လက္ခဏာဖြစ်တဲ့ ဘ၀လွတ်မြောက်ရေး ( ဒုက္ခကင်းဝေး ချမ်းသာရေး) သဘောဟာ တခြားဘာသာ အယူဝါဒများ (မဟာယာန အပါအ၀င်) အားလုံးနှင့် လွန်စွာခြားနားတယ်။ မြတ်ဗုဒ္ဓက လူတွေကို ကိုယ့်ဘ၀ ၀ဋ်ဆင်းရဲက လွတ်မြောက်အောင် ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမယ် ။ ပြင်ပကယ်တင်ရှင်ကို ဘယ်မှာမှ ရှာမနေနဲ့။ ဗုဒ္ဓမြတ်စွာဟာ ကျုပ်တို့အတွက် ဘ၀လွတ်မြောက်ဖို့ လိုအပ်တဲ့ တရားတွေကိုပဲ ဟောကြားတော်မူခဲ့တယ်။ (ကမ္ဘာ့သာသနာပြု ရှင်သေဠိလ)

ဘာသာရေးအတွင်း၌ သိပ္ပံပညာ၏ စမ်းသပ်ဝေဖန်မှုနှင့် ကင်းလွတ်စွာ တည်ရှိနေသော အမြုတေ တစ်ခုရှိနေသည်။ (ဒေါက်တာ စီအီးအမ် ဂျုဒ်)

မည်သို့ပင် ကာလသုံးမျိုး ထပ်ဖန်တလဲ ပြောင်းရွေ့နေပါစေ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်ကြားတွင် ထင်ရှားသော ခြားနားချက်မှာ အလွဲသိမြင်ခြင်းပင် ဖြစ်သည်။ (ဒေါက်တာ အဲလ်ဘတ် အိုင်းစတိုင်း)

ဤ ကမ္ဘာလောကကြီးမှာ အစရှိရမယ်လို့ တွေးတောဆင်ခြင်စရာ ဘာအကြောင်းမှမရှိပါ၊ အရာဝတ္ဘုတိုင်းမှာ စတင်ဖြစ်ပေါ်ခြင်း ရှိရမယ်ဆိုတဲ့ အယူအဆဟာ အမှန်မှာတော့ ကျွန်ုပ်တို့ရဲ့ အတွေးဥာဏ်မွဲလို့ ဖြစ်တာပါ။ (ဘာထရန် ရပ်ဆယ်)