Wednesday, October 1, 2008

ချီးမွမ်းသည့် ဗုဒ္ဓရှင်တော်

လူတို့သည် အများအားဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို မြိန်ရေယှက်ရေ ပြောဆိုကဲ့ရဲ့ဖို့ရာ လွယ်ကုသလောက် သူတစ်ပါး၏ကောင်းကွက်ကို ပြောဆိုချီးမွမ်းဖို့ရာကား အင်မတန် ၀န်လေးနေတက်ကြသည်။ ဤသည်ကား အခြားကြောင့်မဟုတ်။ သူတစ်ပါး၏ ကောင်းဂုဏ်ကို ၀န်တိုသော ဂုဏမစ္ဆရိယတစ်နည်း ၀ဏ္ဏမစ္ဆရိယ ကြောင့်ပါတည်း။

သို့သော် မိမိကိုယ်ကို လှည့်စားလိုသူအချို့က ဂုဏ မစ္ဆရိယ ရှိနေဖြစ်နေသည်ကို ၀န်မခံဘဲ၊ ငါတို့က သူများကို မြှောက်ပင့်စားတဲ့ကောင်မဟုတ်ဘူးဟူသော စကားဖြင့် ကြံဖန်ဂုဏ်ယူတက်ကြပြန်သေးသည်။ ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းကား ဆီနှင့်ရေလို ကွာခြားလွန်းလှသည်။

ချီးမွမ်းခြင်းသည် မုဒိတာကြောင့်ဖြစ်သည်။
့မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်သည်။
ချီးမွမ်းခြင်းသည် ပရဟိတကို ဦးတည်သည်။့
မြှောက်ပင့်ခြင်းသည် အတ္တဟိတကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် ပေးဆပ်လိုခြင်းကိုဦးတည်သည်။
့မြှောက်ပင့်ခြင်းသည် ရယူလိုခြင်းကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် မှန်ကန်သောသစ္စာစကားဖြစ်သည်။
မြှောက်ပင့်ခြင်းသည် မမှန်ကန်သော မုသားစကားဖြစ်သည်။

ဤမျှထိ ခြားနားကွဲပြားလှသောကြောင့်လည်း ရိုးသားစွာ ချီးမွမ်းသည့်အလုပ်ကိုကား အတုလာဓိပတိဖြစ်တော်မူသော ဘုရားရှင်တို့ပင် ပြုလုပ်တော်မူကြပါသည်။

သာဓကတစ်ခုကို ပြပါအံ့။ ဤဘဒ္ဒကမ္ဘာမှ ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသည်။ သားကောင်တို့ကို ဘေးမဲ့ပေးရာခေမာ မည်သောတော၌ သီတင်းသုံးနေတော်မူစဉ် ဝေဒေဟမည်သော သူကြွယ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်များကို နေအိမ်သို့ပင့်ဖိတ်၍ ဆွမ်းကျွေးလေသည်။

ထိုအချိန်တွင် အရှင်မဟာကဿပမထေရ်ကဲ့သို့ ဓုတင်(၁၃)ပါးကို ဆောင်တော်မူသော နိသဘမထေရ်သည် သူကြွယ်အိမ်ရှိရာလမ်းမှ ဆွမ်းခံကြွသည်ကို ဝေဒေဟ သူကြွယ်မြင်လျှင် မထေရ်ထံမှောက်သို့ အမြန်ရောက်အောင်သွား၍ ထိခြင်းငါးပါးဖြင့်ရှိခိုးကာ-
' အရှင်ဘုရား.. အိမ်ထဲသို.ကြွတော်မူပါ။ မြတ်စွာဘုရားလည်း အိမ်၌ပင်နေတော်မူပါသည်။' ဟု လျှောက်ထားလျှင် မဟာနိသဟမထေရ်က-
' ဒါယကာ.... ငါတို့ကား အိမ်ထဲသို့ဝင်ခြင်းငှာ မအပ်ပါ။' ဟု မိန့်တော်မူသည်။ သူကြွယ်လည်း သပိတ်ကိုယူကာ ဆွမ်းဖြင့်ပြည့်စေပြီး မထေရ်အား ဆက်ကပ်သည်။ မထေရ်ကို လိုက်ပို့ပြီးနောက် မြတ်စွာဘုရားအား ဤသို့လျှောက်ထားသည်။
' မဟာနိသဟမထေရ်သည် အိမ်၌ မြတ်စွာဘုရားထင်ရှားရှိပါ၏။ ၀င်တော်မူပါဟု လျှောက်ထားသော်လည်း ၀င်ခြင်းငှာ အလိုမရှိပါ။ ထိုမထေရ်အား အရှင်ဘုရားတို့ ထက်လွန်ကဲသော ဂုဏ်ကျေးဇူး အထူးရှိပါသလား' ဟု လျှောက်ထား၏။ ထိုအခါ ဂုဏမစ္ဆရိယကင်းပြီးဖြစ်တော်မူသော ဘုရားရှင်က-
' ဒါယကာ.... ငါတို့ကားဆွမ်းကျက်သည့်တိုင်အောင် စောင့်ဆိုင်းလျက် အိမ်၌နေကုန်၏။ မဟာနိသဟမထေရ်ကား ဤသို့ထိုင်လျက် ဆွမ်းကိုမမျှော်မငဲ့ မစောင့်ဆိုင်းချေ။ ငါတို့ကား ရွာနီးကျောင်း၌ နေကြကုန်၏။ ထိုမထေရ်ကား တော၌သာလျှင်နေ၏။ ငါတို့ကား အမိုးရှိသောကျောင်း၌ နေကြကုန်၏။ ထိုမထေရ်ကား လွင်တီးခေါင်၌သာလျှင်နေ၏။ ထိုနိသဟမထေရ်အား ဤသို့ ဤသို့သော ဂုဏ်ကျေးဇူး အထူးရှိချေ၏။' ဟူ၍ ထုတ်ဖော် ချီးမွမ်းတော်မူခဲ့ပါသည်။
(ဆရာတော်အရှင်ဇ၀န ရေးသားတော်မူသော အတွင်းရန်သူ စာအုပ်မှကူးယူဖော်ပြပါသည်။)

5 comments:

WWKM said...

ကောင်းတယ်မောင်လေးရေ..
မှတ်သား ပညာယူစရာလေးတွေ ဝေမျှပေးတာကျေးဇူးနော်။

ဇင်ယော် said...

သိထားသင့်တဲ့  ချီးမွမ်းခြင်း နဲ့ မြှောက်ပင့်ခြင်း အကြောင်းကို မြတ်စွာဘုရားရှင်လက်ထက်က သာဓကလေးနဲ့  ခုလိုဝေမျှပေးတာ ကျေးဇူးပါဗျာ။

သက်တန့် said...

မောင်လေးရေ...
ချီးမွမ်းခြင်းနဲ့ မြှောက်ပင့်ခြင်းရဲ့ ကွဲပြားချက်ကို ဖတ်ရှူ မှတ်သားသွားပါတယ်... :)

ဂျူနို said...

ချီးမွမ်းစကားဆိုပါရစေ။ အရမ်းကောင်းပါတယ်။ မြှောက်ပင့်တာမဟုတ်ပါ။

Dream said...

ချီးမွမ်းခြင်းသည် မုဒိတာကြောင့်ဖြစ်သည်။
့မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်သည်။
ချီးမွမ်းခြင်းသည် ပရဟိတကို ဦးတည်သည်။့
မြှောက်ပင့်ခြင်းသည် အတ္တဟိတကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် ပေးဆပ်လိုခြင်းကိုဦးတည်သည်။
့မြှောက်ပင့်ခြင်းသည် ရယူလိုခြင်းကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် မှန်ကန်သောသစ္စာစကားဖြစ်သည်။
မြှောက်ပင့်ခြင်းသည် မမှန်ကန်သော မုသားစကားဖြစ်သည်။

အင်မတန်တန်ဖိုးရှိတဲ့ပို့စ်လေးကိုမှတ်သားသွားပါတယ်။
ခုလိုမျှဝေဖော်ပြပေးတာကျေးဇူးနော်..