Sunday, October 12, 2008

ရေချိုးမှားနေသူ

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံး နေတော်မူစဉ်အခါ ဖြစ်၏။ ရဟန်းတို့အား တရားဒေသနာ ဟောကြားတော်မူရာ၌ စိတ်ညစ်ညူးခြင်းနှင့် စိတ်သန့်ရှင်းခြင်း စင်ကြယ်ခြင်း သဘောကို ဟောကြားလေသည်။ ထိုအခါဝယ် သုန္ဒရိက ဘာရဒွာဇ ပုဏ္ဏားသည်လည်း မြတ်စွာဘုရားထံ၌ ရောက်ရှိနေခိုက် ဖြစ်၏။ ထိုပုဏ္ဏားက မေးလျှောက်လေသည်။ " အရှင်ဂေါတမ အရှင်သည် ဗာဟုကာမြစ်၌ ရေချိုးပါသလား" ထိုအခါ မြတ်စွာဘုရားက ပြန်လည်မေးတော်မူသည်။ " ပုဏ္ဏား- ဗာဟုကာမြစ်၌ အဘယ်ကြောင့် ရေချိုးရမည်နည်း၊ ဗာဟုကာမြစ်က ဘာအကျိုးပြုလေသနည်း" " အရှင်ဂေါတမ- ဗာဟုကာမြစ်သည် ကိလေသာကို ခေါင်းပါးစေတက်၏ ဟုလူအများက သမုတ်ထားပါ၏၊ ကိလေသာစင်ကြယ်အောင် ပြုနိုင်သည်ဟု အဆိုရှိပါသည်၊ လူအများသည် မကောင်းမူ ပြုလုပ်မိသည်ရှိသော် ထိုဗာဟုကာမြစ်၌ မျှောပစ်ကြပါသည်" " ပုဏ္ဏား- သင်ပြောသည့်အတိုင်း မဖြစ်နိုင်ပေ၊ မကောင်းမူ ပြုလုပ်ထားသော အကြင်လူမိုက်သည် ဗာဟုကာမြစ်၌ အမြဲအစဉ် ရေချိုးနေသော်လည်း မစင်ကြယ်နိုင်ပေ၊ အခြားသော သုန္ဒရိကမြစ်၊ သူရဿတီမြစ်၊ ဗာဟုမတီမြစ် စသည်တို့၌ အမြဲအစဉ် ရေချိုးနေသော်လည်း မကောင်းမူသည် မစင်ကြယ်၊ မပပျောက်နိုင်၊ ထိုထိုမြစ်များ၊ ဆိပ်ကမ်းများသည် မကောင်းမူ အကုသိုလ်ကံကို မတားမြစ်နိုင်ပေ၊ မသုတ်သင်နိုင်ပေ" " အို ပုဏ္ဏား- ကိလေသာ စင်ကြယ်သောသူအား အခါခပ်သိမ်း နက္ခတ်ကောင်း ကြုံလျက်ရှိနေပေ၏၊ ဥပုသ်စောင့်သုံးပြီး ဖြစ်နေပေ၏၊ စင်ကြယ်သန့်ရှင်းသော ပြုလုပ်မူရှိသူအား ကျင့်ဝတ်သည် အခါခပ်သိမ်း ပြည့်စုံသည်သာတည်း" " အချင်း ပုဏ္ဏား- သင်သည် သန့်ရှင်းစင်ကြယ်ခြင်းကို အမှန်တကယ် အလိုရှိပါမူ ဤသာသနာတော်၌သာလျှင် ရေချိုးလော့။" " အကယ်၍ သင်သည် သူ့အသက်ကို မသတ်ဖြတ်အံ့၊ သူ့ဥစ္စာကို မခိုးယူအံ့၊ မဟုတ်မမှန် မပြောဆိုအံ့၊ ၀န်မတိုသူဖြစ်အံ့၊ ယုံကြည်မူ သဒ္ဓါတရားရှိသူ ဖြစ်အံ့၊ ထိုဗာဟုကာမြစ်သည် သင့်အတွက် ဘာပြုလုပ်ရန် လိုတော့သနည်း၊ ဂယာဆိပ်သို့ သွားခြင်းဖြင့် ဘာအကျိုးထူးနိုင်တော့မည်နည်း။" ယင်းကဲ့သို့ မြတ်စွာဘုရား ဟောကြားသောအခါ သုန္ဒရိက ဘာရဒွဇ ပုဏ္ဏားသည် တရားသဘော၌ နားလည် သက်ဝင်ကာ အမြင်မှန်သို့ ရောက်ရှိလေသည်။ ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကာ တရားကို ပွားများအားထုတ်သဖြင့် နောက်ဆုံးတွင် ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ (ဆရာလေးမြိုင် ရေးသားပြုစုသည့် ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

3 comments:

Dr Phyo Wai Kyaw said...

လာလာဖတ်ပါတယ် ခင်ဗျာ...
အများကြီးကျေးဇူးတင်ပါတယ်...ဆရာကြီးဦးရွှေအောင် ရေးတာလေးတွေလည်း အခွင့်သင့်ရင် ဖော်ပြပေးပါဦး
ကွန်မန့်မရေး သွားလည်း လာဖတ်သွားတယ် သဘောထားပေးပါခင်ဗျ...

သက်တန့် said...

ရေချိုးမမှားအောင် ဂရုပြုဖို့ မှတ်သားသွားတယ် မောင်လေးရေ... :)

ဇင်ယော် said...

တကယ့်ကို ကောင်းမွန်လှတဲ့ ပို့ စ်လေးပါဗျာ။ အင်း ရေချိုးမမှားစေဖို့  ခုလို ပို့ စ်လေးတင်ပြီး သတိပေးထားတာ ကျေးဇူးတင် လေးစားစရာပါ။