Sunday, October 26, 2008

နှစ်သက်မိတဲ့ကဗျာတစ်ပုဒ်(၁)

လူငယ်ဘ၀သည် နွေပန်းတစ်ပွင့်နှင့်တူ၏။ ၎င်းသည်ရုတ်တရက် နွမ်းးကြွေသွားပေ၏။ အိုမင်းခြင်းက လယ်ကွင်းများကို ဖြတ်သန်းလာသော မီးနှင့်တူ၏။ ရုတ်တရက်ဆိုသလို သင့်ခြေဖနောင့်များဆီသို့ ရောက်လာ၏။ ဗုဒ္ဓမြတ်စွာ တစ်ချိန်က မိန့်ဆိုခဲ့၏။ 'ဇာတိနှင့် မရဏသည် နေထွက်ချိန်၊ နေ၀င်ချိန် တို့နှင့် အလားတူ၏၊ ယခုရောက်လာသည်- ယခုပြန်သွားလေပြီ'
ဖျားနာခြင်းသည် ငှတ်ကလေးတစ်ကောင်နှင့်တူ၏ ၊ ဒဏ်ရာရထားသည့် ငှတ်ကလေး၊ သင်မသိလေသလား- ကျန်းမာခြင်းနှင့် ခွန့်အားတို့သည် အချိန်တန်လျှင် သင့်ကို စွန့်ခွာသွားလိမ့်မည်၊ သေခြင်းသည် ဆီခန်းသွားသည့် ဆီမီးခွက်နှင့်တူ၏ (မှိတ်တုတ်မှိတ်တုတ် လင်းနေရာမှ နောက်ဆုံးငြိမ်းသွား၏)
ဤကမ္ဘာလောကသည် မတည်မြဲပါ၊ ဘယ်ဟာမျှ မပြောင်းလဲဘဲ မရပ်တည်နိုင်ကြောင်း သင့်ကို အသေအချာ ကျွန်ုပ်ပြောဝံ့သည်။ အကုသိုလ်ကံတို့သည် ရေတံခွန်နှင့် အလားတူ၏။ ရေတံခွန်သည် အထက်သို့စီးသည်ဟု မမြင်စဖူးပါ။
မကောင်းမှုပြုသူသည် အဆိပ်ပင်နှင့်တူ၏။ ထိုအပင်ကို သင်မှီလျှင် သင်ထိခိုက်ခံရလိမ့်မည်။ အပြစ် ကျူးလွန်သူတို့သည် နှင်းကိုက်ထားသည့် ပဲများနှင့်တူ၏ ပျက်စီးသွားသော အဆီခဲကဲ့သို့ အားလုံးကို ယိုယွင်း ပျက်စီးစေ၏။တရားအားထုတ်သူတို့သည် လယ်ကွင်း၌ ထွန်ယက်နေသော လယ်သမားများနှင့် တူ၏။
ကမ္မနိယာမသည် သံသရာရဟတ်ဘီးနှင့်တူ၏။ ၎င်းကိုဖျက်စီးသူ မည်သူမဆို အကြီးအကျယ် ဆုံးရှုံးရလိမ့်မည်။ သံသရာသည် အဆိပ်ရှိသော ဆူးနှင့်တူ၏၊ အသားထဲ၌ ၎င်းကိုဆွဲမထုတ်လျှင် အဆိပ်တိုးပွားပြီး ပြန့်ပွားသွားလိမ့်မည်။
သေမင်း၏ လာခြင်းသည် နေ၀င်ချိန်အခါ အရိပ်နှင့်တူ၏။ ၎င်းသည် လျင်မြန်စွာ ပြေးသွားရာ ဘယ်အရာမျှ ၎င်းကို မရပ်တန့်စေနိုင်ပါ။ ထိုအချိန်ရောက်လာသည့်အခါ မြင့်မြတ်သောတရားအပြင် အခြားဘယ်အရာက ကူညီနိုင်ပါသလဲ။
တရားဓမ္မသည် အောင်မြင်မှု၏ စမ်းရေတွင်းဖြစ်သော်လည်း တရားကြိုးစားအားထုတ်သူတို့မှာ နည်းပါးလှ၏။ ရာပေါင်းများစွာသော သူတို့သည် သံသရာ ၀ဋ်ဆင်းရဲမှာ လုံးထွေးငြိတွယ် နေကြသည်။ ဤကံဆိုးသော အခြေအနေသို့ မွေးဖွားလာကြပြီး လုယက်ခိုးဝှက်ခြင်းဖြင့် စီးပွားတက်ရန် သူတို့ကြိုးပမ်းကြသည်။ သင်သန်စွမ်း၍ ကျန်းမာနေသောအခါ ဖျားနာရမည်ကို ဘယ်အခါမျှ သင်မတွေးမိပါ။ သို့သော် လျှပ်စီးလက်သည့်ပမာ ရုတ်တရက် ခွန့်အားနှင့်ရောဂါ ဆင်းသက်လာပါ၏။
လောကီကိစ္စများ၌ ပါဝင်ပတ်သက်နေသည့်အခါ သေမင်းချဉ်းကပ်လာမည့် အရေးကို ဘယ်အခါမျှ သင်မတွေးမိပါ။ လျင်မြန်စွာ မိုးကြိုးခြိမ်းသည့်ပမာ သင့်ဦးခေါင်း ပတ်လည်သို့ သေမင်းထိုးဆင်းလာသည်။
ဖျားနာခြင်း အိုမင်းခြင်းနှင့် သေခြင်းတရားတို့သည် တစ်ခုနှင့်တစ်ခု အမြဲဆုံတွေ့နေကြသည်။ လက်များနှင့် ပါးစပ် ဆုံတွေ့နေကြသကဲ့သို့တည်း။ အတိတ်က သင်တွေ့ကြုံခဲ့သည့် ဆင်းရဲများကို သင်မကြောက်ရွံ့လေသလား။ သင်ကံဆိုး မိုးမှောင်ဖြစ်သည့်အခါ ဆင်းရဲများစွာကို သင်ဧကန် ခံစားရလိမ့်မည်။
ဘ၀၏ရန်သူများသည် ပင်လယ်၏ လှိုင်းလုံးများပမာ တစ်ခုနောက်တစ်ခု အဆက်မပြတ် လိုက်နေကြ၏။ တစ်ခုဖြတ်ကျော်သွားရုံသာရှိသေး နောက်တစ်ခုက ၀င်ရောက်လာသည်။ သံသရာမှ သင်လွတ်မြောက်သည့်နေ့တိုင်အောင် နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ကြုံရာလာကြ သွားကြသည်။ လမ်းပေါ်ဆုံတွေ့ရသော ဖြတ်သန်းသွားသူများ ကဲ့သို့တည်း။
ပျော်ရွှင်မှုများကား စိတ်မချကြရပါ။ နေရောင်ခြည်တွင် ရေချိုးခြင်းကဲ့သို့တည်း။ နှင်းမုန်တိုင်းများလို ကြိုတင်သတိမပေးဘဲ လာရောက်ပြီး အလျင်အမြန် ဖြတ်သန်းသွားကြသည်။ ဤအရာများကို သတိရလျက် အဘယ်ကြောင့်တရား အားမထုတ်သေးသနည်း။
(မှတ်ချက်။ ဒီကဗျာလေးကို တိဘက်ဗုဒ္ဓဘာသာဝင် မီလရေပ ရေးသားထားတာဖြစ်ပြီး ဘာသာပြန်ဆိုသူက ဆရာကြီးဒေါက်တာမင်းတင်မွန် ဖြစ်ပါတယ်။)


7 comments:

Anonymous said...

ကျနော့်ရဲ့ ဥာဏ်ပညာအတွက် ဒီစာစုလေးဟာ တစ်စုံတရာသော အတိုင်းတာအထိ လင်းပွင့်စေပါတယ် ဒီအတွက် မူလစာရေးသူကိုရော အစ်ကို့ကိုပါ ကျေးဇူးအထူးတင်ပါတယ်။ နောက်လည်း ဒါမျိုးလေးတွေတင်ပေးပါ။ ကျနော်က ဗေဒင်သမားဆိုပေမယ့် ဗေဒင်နဲ့လူကိုခွဲခြားထားပါတယ်။ ဘာသာတရားကိုလည်း အတွေးအခေါ်ရှုထောင့်ကနေပဲ ချဉ်းကပ်လေ့လာနေပါတယ်။ များများဖတ်ခွင့်ရချင်ပါတယ်ခင်ဗျာ။

မသက်ဇင် said...

အဘယ်ကြောင့်တရား အားမထုတ်သေးသနည်း။

သတိပေးတာကျေးဇူးတင်ပါတယ်---
အချိန်တွေ လုနေရပေမဲ့ --အဲဒီသတိပေးချက်လေးကို ခုမှ သတိရမိတယ်--အရေးကြီးတာကိုမေ့နေတယ်လေ---
ခင်မင်လျက်
မသက်ဇင်

ဂျူနို said...

ဤကမ္ဘာလောကသည် မတည်မြဲပါ၊ ဘယ်ဟာမျှ မပြောင်းလဲဘဲ မရပ်တည်နိုင်ကြောင်း သင့်ကို အသေအချာ ကျွန်ုပ်ပြောဝံ့သည်။ အကုသိုလ်ကံတို့သည် ရေတံခွန်နှင့် အလားတူ၏။ ရေတံခွန်သည် အထက်သို့စီးသည်ဟု မမြင်စဖူးပါ။

မကောင်းမှုပြုသူသည် အဆိပ်ပင်နှင့်တူ၏။ ထိုအပင်ကို သင်မှီလျှင် သင်ထိခိုက်ခံရလိမ့်မည်။

ကိုရဲကြီး ရေ ကောင်းလိုက်တဲ့စကားစုပဲ။
ဒီလိုစာတွေ များများရေးရမယ်။
အချိန်ရခဲ့ရင် ကျမရဲ့ စုန်ရေဆန်ရေလေးကို ထင်မြင်ချက်လေးပေးပါလို့ ။
ကျမတို့ သားသမီးတွေ က မိဘဒုက္ခရောက်တာ ထိုင်ကြည့်နေသလိုဖြစ်နေလို့ ရေးထားတာပါ။

Dr Phyo Wai Kyaw said...

အင်မတန် သံဝေဂဥာဏ်ရစေတဲ့ ကဗျာလေးပါခင်ဗျာ
ကျေးဇူးတင်ပါတယ်

မသက်ဇင် said...

အလင်းစေတမန်ရေ---
ခုလိုဖြန့်ဝေပေးတာကျေးဇူးတင်ပါတယ်--
များစွာအကျိုးရှိပါတယ်--
ခင်မင်လျက်
မသက်ဇင်

Apprenticeship said...

အဆိပ်ပန်းတွေနဲ့ ကင်းပါစေ....

su wai said...

သံသရာသည် အဆိပ်ရှိသော ဆူးနှင့်တူ၏၊ အသားထဲ၌ ၎င်းကိုဆွဲမထုတ်လျှင် အဆိပ်တိုးပွားပြီး ပြန့်ပွားသွားလိမ့်မည်။

ဟုတ်တယ်နော်… မတည်မြဲတဲ့ သဘောတရားတွေ၊ အတုံ့အလှည့်တွေကို သိလျက်နဲ့ ဘာ့ကြောင့်များ သံသရာကနေ လွတ်အောင် မရုန်းနိုင်ကြပါလိမ့်နော်…
ဒီပို့စ်လေးကို ခုမှ ဖတ်မိပေမယ့် အသိတရားတွေ အများကြီးရလိုက်လို့ ဘာသာပြန်ပေးတဲ့ ဆရာကြီး ဒေါက်တာမင်းတင်မွန်ကိုရော… လက်ဆင့်ကမ်း ဖြန့်ဝေပေးတဲ့ ကိုအလင်းစေတမန်ကိုရော ကျေးဇူးပါနော်..။