Sunday, November 2, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၄)

ခရစ်ယာန်ဘာသာကို ကျွန်ုပ်လက်ခံ ယုံကြည်နိုင်ခြင်း မရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် တစ်စုံတစ်ခုသောဘာသာကို လက်ခံရန်အကြာင်းများ ပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့်ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပါသည်။ (ဘာထရန်ရပ်ဆယ်လ်)

ကျွန်ုပ်သည် ရှေးရိုးစဉ်လာ ဘာသာတရားတစ်ခုကိုမျှ လက်ခံသူမဟုတ်ပါ။ သို့သော် အာဏာပိုင် တစ်ဦးဦးက ဘာသာတစ်ရားတစ်ခုကို မယူမနေရယူရမည်ဟု အကျပ်ကိုင်လာပါလျှင် ဗုဒ္ဓဘာသာကိုယူပါမည်။ (ဘာထရန်ရပ်ဆယ်လ်)

ဂျိန်းဘာသာနှင့် အခြားဘာသာများသည် အိန္ဒိယစာပေလောကကို များစွာအကျိုးပြု စေခဲ့သော်လည်း ဗုဒ္ဓဘာသာတစ်ခုတည်းသာလျှင် ကမ္ဘာ့ဘာသာကြီး တစ်ရပ်အဖြစ် အိန္ဒိယပြည် နယ်နိမိတ် အပြင်ဘက်သို့ ဝေးလံစွာထိုးဖောက် ကျော်ထွက်၍ အိန္ဒိယ အရှေတိုင်း နိုင်ငံများတွင်ရော အနောက်တိုင်းနိုင်ငံများတွင်ပါ ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးခဲ့ပါလေသည်။ တစ်နည်းအားဖြင့်ဆိုသော် အိန္ဒိယနိုင်ငံသားများကို အခြားနိုင်ငံသားများနှင့် ဆက်သွယ်မိအောင် ရှေးကထက်ပို၍ လုပ်ခဲ့သည်မှာလည်း ဗုဒ္ဓဘာသာပင် ဖြစ်ပါလေသည်။ (ပါမောက္ခဒေါက်တာမောရစ်ဝင်တာနစ်)

ဗုဒ္ဓတရားတော်သည် တန်ခိုးရှင် ဖန်ဆင်းရှင် ရှိသည်ဟု ယုံကြည်သောတရားမဟုတ်၊ ဆုတောင်းရုံမျှဖြင့် ပြည့်စုံသော တရားမဟုတ်၊ တရားသေ၀ါဒကို အားပေးသောဝါဒမဟုတ်၊ ပြန်လည်စောဒက တက်ခွင့်မရှိသော ဘာသာမဟုတ်၊ စဉ်းစားဆင်ခြင် ဥာဏ်ပေါ်တွင် အခြေတည်သော ဘာသာဖြစ်သည်။ ဆင်ခြင်တုံတရားကို အခြေပြုသည့် သဘောတရားများပါဝင်သော ဘာသာတရားဖြစ်သည်။ တစ်ဖန်သဘောတရားမျှသာမဟုတ်၊ လက်တွေ့ပါ ကျင့်ကြံအားထုတ်ရသော တရားဖြစ်သည်။ (အရှင်မြတ်အာနန္ဒမေတ္တယျ)

စိတ်တည်ကြည်မှုနှင့် သတ္တ၀ါအားလုံးအပေါ် မြတ်နိုးမှုကို ဗုဒ္ဓနှစ်သက်တော်မူသည်။ ဗုဒ္ဓသည် အပြစ်ဟူသော Sin ကိုမဟောပါ၊ အသိဥာဏ်ကင်းမဲ့မှုနှင့် တွေဝေမိုက်မဲမှုတို့ကိုသာ ဟောကြားပြီး ယင်းတို့ကို အသိပညာ ကရုဏာတို့ဖြင့် ကုစားနိုင်ကြောင်းကိုသာ ဟောကြားတော်မူသည်။ (ဒေါက်တာအက်စ်ရာဓခရစ်ရှနန်)

ပဋိစ္စသမုပ္ပာဒ်၊ လက္ခဏာရေးသုံးပါး တရားများဖြင့် အခြေခံထားသော ဗုဒ္ဓတရားတော်သည်သာလျှင် သိပ္ပံနည်းဖြင့် အစစ်ဆေးခံနိုင်သည်။ မှတ်ကျောက်အတင်ခံနိုင်သည်။ ယခုလည်း မည်သူမျှ ငြင်းဆိုမရ၊ နောင်လည်း မည်သူမျှ ငြင်းဆို၍ ရလိမ့်မည်မဟုတ်ချေ။ (အရှင်မြတ်အာနန္ဒမေတ္တယျ)

မိမိကိုယ်ကို ဇွတ်အတင်း ယုံကြည်စေခြင်း၊ မသိနားမလည်ဘဲနှင့်လက်ခံခြင်းသည် နိုင်ငံရေးဆန်ဆန် ဆောင်ရွက်ခြင်းသာဖြစ်၍ ဘာသာရေးရာဆောင်ရွက်ခြင်းဟု မဆိုနိုင်ပေ။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

ဗုဒ္ဓကခွင့်ပြုတော်မူသော လွတ်လပ်စွာ တွေးခေါ်မှုကို အခြားဘာသာဆိုင်ရာ သမိုင်းများတွင် ကြားမျှပင်မကြားရဘူးချေ၊ ဤလွတ်လပ်မှုများမှာ အရေးတကြီး လိုအပ်လှပေသည်။ အကြောင်းမှု ဗုဒ္ဓ၏အဆိုအရ လူ၏လွတ်မြောက်ရေးသည် သစ္စာတရားကိုကိုယ်တိုင်ရှာဖွေရယူနိုင်ခြင်း အပေါ်တွင်သာတည်ရှိသည်။ မည်သည့်နတ်ဘုရားနှင့် တန်ခိုးရှင်တို့ကမျှ သူတို့၏ဩဇာခံ၍ ကောင်းမွန်စွာကျင့်ကြံသည့်အတွက် ဆုလာဘ်အဖြစ်ဖြင့် ချီးမြှင့်သောအရာ မဟုတ်ပေ။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့်အရူး ကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

လွတ်လပ်စွာ တွေးခေါ်ကြံဆသည့်အရာတွင်သာမဟုတ်သေး၊ လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်ခွင့်တွင်လည်း ဗုဒ္ဓ၏ သည်းခံခွင့်ပြုတော်မှုခြင်းမှာ ဘာသာရေးဆိုင်ရာ သမိုင်းစဉ်ကိုလေ့လာနေသော ပညာရှင်များအား အံ့ဩသွားစေသော အကြောင်းတစ်ရပ် ဖြစ်စေသည်။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ နောင်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတ၀ါး ဖြစ်ခဲ့သော်ငြားလည်း ဗုဒ္ဓရှင်တော်မြတ်၏ဂုဏ်တော်သည်ကား နောက်မှပေါ်လာသောများစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက်ပိုမို ထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓရှင်တော်မြတ်၏ ထူးခြားသော သီလ၊ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိသည်။ (ချားလ်အီးလီးယော့တ်)

ဘာသာခြားများကို နှိပ်ကွပ်စစ်မေးသည့် မီးရောင်တို့ဖြင့် ကြောက်မက်ဖွယ်များ၊ မိစ္ဆာဒိဋ္ဌိအခိုးတို့ဖြင့် အမှောင်ချမှုများ၊ မီးဟုန်းဟုန်းထသည့် မြို့တော်များ၊ ဘာသာရေးမုန်းတီးမှုများသည် ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းစာမျက်နှာတွင် မရှိခဲ့ဘူးချေ။ ဗုဒ္ဓဘာသာသည် ပညာဟူသော ဓားတစ်လက်ကိုသာလျှင် စွဲကိုင်၍ မောဟကိုရန်သူအဖြစ် သတ်မှတ်သည်။ ဤသည်မှာ သမိုင်း၏သာဓကဖြစ်ပြီး လုံးဝငြင်းဆိုစရာ မရှိချေ။ (ပါမောက္ခဘားပက်တ်)

ကမ္ဘာပေါ်၌ရှိနေသော ပေါ်ပေါက်ပြီးသော ဘာသာများသည် သိပ္ပံပညာ အတိုးတက်ဆုံးကာလသို့ ရောက်သောအခါ ထိုသိပ္ပံအဆင့်ပေတံနှင့် အတိုင်းခံနိုင်မှသာ ကြံ့ကြံ့ခံကျန်ရစ်မည်။ သို့မဟုတ်ပါက တိုက်ဖျက်ပစ်ရန်ပင်မလို အလိုအလျောက် ပြိုကျသွားမည့် အဆောက်အအုံများဖြစ်သည်။ (၀န်ကြီးချုပ်နေရူး)

ဗုဒ္ဓတွင်အားလုံးသော ဟောပြောချက်များ တရားသောအယူဝါဒများထက် ပိုမိုမြင့်မြတ်သည့်အရာ တစ်ခုရှိပြီးဖြစ်သည်။ ဗုဒ္ဓ၏အဆုံးအမတော်သည် လူသားထုအတွက် တစ်သက်တာလုံး ရင်ကိုအေးမြစေသည်။ လူမှုဒုက္ခ အရှုတ်အထွေးများအတွက် ဗုဒ္ဓ၏ငြိမ်းချမ်းရေးဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်လှပေသည်။ (နေရူး)

အချို့ဘာသာများတွင် ဘာသာဝင်ဖြစ်စလူသစ်များကို သူတို့ဆရာများက ထိန်းချုပ်ထားကြပြီး အခြားဘာသာနှင့်ပတ်သက်သည့် စာအုပ်စာပေများ၊ ဟောပြောချက်များ၊ မဂ္ဂဇင်းများ၊ စာအုပ်စာတမ်းငယ်များနှင့် လေ့လာစုံစမ်းမှုများကို တားမြစ်ပိတ်ပင်ထားပါသည်။ ဗုဒ္ဓဘာသာတွင် ဤကဲ့သို့ တားဆီးပိတ်ပင်မှုမျိုးကို အလွန်တွေ့ကြုံရခဲပေသည်။ (ဖရခန္တီပါလော)

ဗုဒ္ဓကိုအပြိုင်ချီူးကျူးကြသော ခရစ်ယာန်သာသနာပြု ဆရာတို့၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို့မှာ ကိုယ့်မျက်စိကိုယ်ပင် ယုံနိုင်စရာမရှိပါ။ (ပါမောက္ခမက်စ်မူလာ)

လူသားအများဆုံး အပူဇော်ခံရသည့် လူသားတစ်ဦးအဖြစ် ဗုဒ္ဓကိုအလွယ်တကူ ရွေးကောက်နိုင်သည်။ (ပါမောက္ခဆောင်းဒါး)

ဗုဒ္ဓဘာသာတရားတော်သည် ခေတ်များပြောင်းသွားသော်လည်း အမြဲတမ်းမှန်ကန်နေသည်။ မြတ်ဗုဒ္ဓသည် အခြေခံသဘာဝတရားများကိုသာ သင်ပြနည်းလမ်းပေးသောကြောင့် အမြဲပင်မှန်ကန်နေလေသည်။ မပြောင်းလဲသော နိယာမတရားငါးပါး၊ သစ္စာလေးပါးတို့မှာ လူသားတို့အတွက် အသုံးဝင်လှသည်။ (ဒွိုက်ဂေါဒတ်)

3 comments:

WWKM said...

မောင်လေးရဲကြီးရေ..
အကျိုးရှိတဲ့ ဘာသာရေးစာပေလေးတွေ မျှဝေပေးတာ ကျေးဇူးပါ. အစ်မ ကတော့ မောင်တွေကိုလိုက်မမှီနိုင်ဘူး။
တော်ကြပါပေတယ်။

Younggun said...

ဒါမျိုးတွေကို ဖတ်ချင်နေတာ၊ ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ နောင်လည်း တင်ပေးပါဗျာ။ ပါဠိတွေပြူးပြဲနေတဲ့စာတွေထက် လက်တွေ့ ပီတိဖြာသွားနိုင်တဲ့၊ အလင်းတံခါးပွင့်သွားနိုင်တဲ့ စာမျိုးတွေ ဖတ်ချင်ပါတယ်။ အစ်ကိုရေးတင်သွားတဲ့ ဒီပို့စ်မှာ ကျနော်ကြက်သီးထသွားလောက်တဲ့ စကားစုတွေပါနေပါတယ်။ အကျိုးရှိပါတယ်။

thihanyein said...

ညီလေးရေ အတွေးအခေါ်ရှင်တွေရဲ့ရှူ့ထောင့်အမျိုးမျိုးကနေ ရေးသားထားလိုက်တာ တစ်ခါမှမဖတ်ခဲ့ရဘူး အခုမှဖတ်ဖြစ်တာ ကျေးဇူးတင်လိုက်တာကွာ
အကုန်တော့မှတ်နိုင်သေးဘူးညီ
ခဏခဏလာလည်ပြီးမှ မှတ်တော့မယ်