Sunday, November 30, 2008

ကမ္ဘာလောကကြီး၏ဖခင်

လူချမ်းသာတစ်ယောက်တွင် အနှစ်ငါးဆယ်ပတ်လုံး နိုင်ငံရပ်ခြားဒေသ၌ လှည့်လည် လေလွင့်နေသော သားတစ်ယောက်ရှိ၏ ။ ဖခင်ဖြစ်သူသည် တဖြည်းဖြည်း ဥစ္စာစည်းစိမ်တို. တိုးတက်၍ သူဋ္ဌေးကြီးတစ်ယောက် ဖြစ်လာစဉ်တိုင်း တစ်ပါးသို. ရောက်နေသော သားဖြစ်သူကား တဖြည်းဖြည်း ဆင်းရဲမွဲတေပြီး စုတ်ပြတ်သွားတော့၏ ။

၎င်းကို ပြန်လာနိုးနှင့် အမြဲတမ်း မျှော်လင့်တောင့်တနေသော မိမိဖခင်အိမ်သို. သားဖြစ်သူသည် သူတောင်းစားအဖြစ်ဖြင့် လှည့်လည် တောင်းရမ်းရင်း ရောက်ရှိလာခဲ့၏ ။ သို.ရာတွင် ခြွေရံသင်းပင်းများနှင့် အိမ်ရှေ့တွင် ခမ်းနားစွာ ထိုင်နေသော ဖခင်ဖြစ်သူကို မိမိဖခင်ဟု မမှတ်မိတော့ချေ။ ကြီးကျယ်ခမ်းနားလှစွာသော သူဋ္ဌေးတို.၏ အသရေဖြင့် တင့်တယ်လှသည်ကို မြင်ရသောအခါ စုတ်ပြတ်ပေရေနေသော မိမိအား နှိပ်စက်လိမ့်မည်ဟု အထင်ရောက်သဖြင့် ထွက်ပြေးပါလေတော့၏ ။

သို့ရာတွင် ဖခင်ဖြစ်သူသည်ကား မိမိသားကို မြင်မြင်ချင်း မှတ်မိသွား၏ ။ ထို့ကြောင့် အစေခံများကို စေလွှတ်ကာ သားဖြစ်သူကို ခေါ်ယူစေ၏ ။ ကြောက်ရွံ့ ထိတ်လန့်နေသော သားဖြစ်သူသည် အစေခံများ၏ တရွတ်တိုက် ဆွဲငင်ခေါ်ယူမှုကြောင့် အကြောက်ကြီးကြောက်ကာ သတိမေ့လျော့ သွားလေတော့၏ ။

ထိုအခါ ဖခင်ဖြစ်သူက ၎င်းကိုပြန်လွှတ်လိုက်ရန် အစောင့်များအား အမိန်.ပေးလိုက်၏ ။ သားဖြစ်သူ သူတောင်းစားသည် ၀မ်းမြောက်ဝမ်းသာထပြီး မြို့၏ ဆင်းရဲသားရပ်ကွက်သို. ပြန်သွားလေ၏ ။

ဖခင်ဖြစ်သူ သူဋ္ဌေးကြီးသည် မည်သို့မည်ပုံပြုလုပ်ပါက သားဖြစ်သူ၏ ယုံကြည်ကိုးစားမှုကို ခံယူရပါမည်နည်းဟု အကြံထုတ်ကာ အလုပ်သမားများအား သားဖြစ်သူ သူတောင်းစားကို မိမိအိမ်၌ အယုတ်ညံ့ဆုံး အလုပ်အတွက် ငှားရမ်းရန် စေလွှတ်ခေါ်ယူပြီး အခိုင်းအစေအဖြစ်ထား၍ တစ်ခါတစ်ရံ စကားစမြည် ပြောဆိုပေးခြင်းဖြင့် တဖြည်းဖြည်း အကျွမ်းတ၀င်ဖြစ်အောင် ပြုလုပ်လေ၏ ။

ဤနည်းဖြင့် နှစ်ပေါင်းနှစ်ဆယ်ပတ်လုံး မိမိကိုယ်ကို အဖဟူ၍ မသိစေဘဲ ကုန်လွန်စေ၏ ။ ဖခင်ဖြစ်သူသည် စုတေခါနီးသောအခါ ဆွေမျိုးအားလုံး စုဝေးလာရောက်စေ၍ "အခု ယုံကြည်စိတ်ချရသော အစေခံဖြစ်နေသူ သူတောင်းစားသည် မိမိ၏ သားအရင်းဖြစ်ကြောင်း" ကြေငြာပြောဆိုကာ ပစ္စည်းဥစ္စာအားလုံးကို အမွေလွှဲအပ်ပေးလိုက်လေ၏ ။

ဤနေရာ၌ လူချမ်းသာ သူဋ္ဌေးကြီးဟူသည် ဗုဒ္ဓမြတ်စွာပင်တည်း။ ကြာမြင့်စွာ ပျောက်ကွယ်သွားပြီးမှ ပြန်လည်ဆုံတွေ.ရသော သားဟူသည် လောကသား လူအများပင်တည်း။
(မှတ်ချက်။ အရှင်ဇာဂရာဘိဝံသ မြန်မာပြန် အိန္ဒိယစာပေသမိုင်း စာအုပ်မှ ကူးယူဖော်ပြပါသည်။)

13 comments:

Anonymous said...

ဟုတ်တယ် ကိုရဲကြီး အခုပိုစ့်ကလေးက ဘာကိုသွားပြီး သတိရစေသလဲဆိုတော့ လူ့သဘာဝမှာ -
“ဇိကုပ်လို့ နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ” ဆိုသလို ကောင်းရာကောင်းကြောင်းကို အတင်းပဲ ဆွဲဆောင်မြှင့်တင်ပေမယ့် မခံနိုင်ပဲ သူ့စရိုက်နဲ့ ကိုက်ညီတဲ့နေရာမှာပဲ နေတယ်ဆိုတဲ့ သဘောလေးကို မြင်မိတယ်၊ ပညာလည်း ရ အသိလည်းတိုး ရသလည်း ခံစားရစေတဲ့ ပိုစ့်ကောင်းလေး ဖြစ်ပါကြောင်း ...

RePublic said...

စာလေးတွေ ကောင်းတယ်ဗျာ ၊၊

Anonymous said...

"ကမ္ဘာလောကကြီး၏ဖခင်"

ပိုစ့် ကောင်းလေးကိုဖတ်ရတဲ့ အတွက်--
ကျေးဇူးပါ--

Anonymous said...

သနားစရာနော် ..

တခါမှ ဒါလေးကိုမဖတ်ဘူးဝူး

ဝေမျှလို့ ကျေးဇူးပါ

စာတွေများစွာရေးသားနိုင်ပါစေ

:P said...

ပို့စ်လေးကောင်းပါတယ်

Dr Phyo Wai Kyaw said...

အင်း
ကျေးဇူးတင်ပါတယ်ဗျာ။

အရုပ်ကလေး said...

ပို့စ်ကောင်းလေးတွေ ဖတ်ရတာ
ကျေနပ်မိတယ်..
ဒီလိုပို့စ်တွေ ဖတ်ရတာ ကျေးဇူးကမ္ဘာပါ

အရုပ်ကလေး said...

အခုလိုပို့စ်တွေ ဖတ်ရ သိရတာ
ကျေးဇူးကမ္ဘာပါ
ဆက်လက် အားပေး ဖတ်နေမယ်

အရုပ်ကလေး said...

အခုလို ပို့စ်တွေ ဖတ်ရတာ
ကျေးဇူးပါ..
ဆက်လက် ဖတ်ရှု့နေမယ်

ညီအကိုများ said...

ပိုစ့်ကောင်းလေးတစ်ပုဒ်ပါ.
ခံစားဖတ်ရှုသွားပါတယ်။

မိုးကြယ်

Anonymous said...

ကျွန်တော်သိသလောက် ဒီပို့စ်ဟာ ခရစ်ယာန်တွေရဲ့ ကျမ်းစာထဲက ဟာနဲ့အတော်လေးကို ဆင်တူပါတယ်။ သူတို့မှာတော့ သားကြီးနဲ့ သားငယ်ရှိတယ်ပေါ့လေ။ ဖခင်ဆိုတဲ့ ယေရှုခရစ်က အကုန်ခွင့်လွှတ်ပြီး သားငယ်လူဆိုးလေးကို ပြန်ခေါ်တယ်ပေါ့။ သားကြီးက မကျေနပ်လို့ပြောတော့ သူဟာ အားလုံးကို တပြေးညီဆိုလား ပြောတယ်ဗျ။ အဲဒါလေးနဲ့ ဆင်နေတာ အံ့စရာပဲ။ ခရစ်ယာန်ကျမ်းစာက ကူးချထားတာများလားမသိဘူး

WWKM said...

ပို့စ်ကောင်းလေးတစ်ပုဒ် ဖတ်ရှုသွားရတယ်။
ကျေးဇူးပါ ရဲကြီး ရေ.

Sister

ရွှေပြည်သူ (ShwePyiThu) said...

တန်ဖိုးရှိတဲ့ ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် မောင်လေး...