Sunday, November 9, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၅)

ဗုဒ္ဓဘာသာသည် လက်ဝါးနှင့်တူ၍ အခြားဘာသာများကား လက်ချောင်းနှင့်တူပေသည်။ (သဂရိတ်ခန်းမွန်ဂါ)

ဗုဒ္ဓဘုရားရှင် မည်သည့်အခါမျှ သက်ရှိထင်ရှားမရှိခဲ့ကြောင်း သက်သေပြနိုင်ခဲ့သော်မှ ဗုဒ္ဓဘာသာသည် ကျန်ရှိနေဦးမည်သာတည်း။ (ခရစ္စမတ်ဟမ်းဖရေးစ်)

ဗုဒ္ဓ၏ ဟောကြားချက်များတွင် ထင်မြင်ချက်အဖြစ် ကျွန်ုပ်တို့ ခေါ်ဆိုနိုင်သည့်အရာ အနည်းငယ်ရှိပေသည်။ ထိုခေတ်က အလွန်တွေ့ကြုံရခဲပြီး ကျွန်ုပ်တို့ခေတ်တွင် သာမညမဟုတ်သော အမြင်ကျယ်မှုမျိုးဖြင့် ပိုင်းခြားဝေဖန်မှုကိုပိတ်ပင်ရန် ဗုဒ္ဓက ငြင်းဆိုခဲ့သည်။ စိတ်ဓာတ်ကျဉ်းမြောင်းမှုသည် ဗုဒ္ဓအတွက် ဘာသာတရား၏ အကြီးမားဆုံးရန်သူ ဖြစ်ဟန်ရှိပေသည်။ (ဒေါက်တာအက်စ်ရာဒခရစ်ရှနန်)

ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်သည် အပြစ်အနာအဆာကင်း၏၊ ဗုဒ္ဓ၏ အာဇာနည်စိတ်​ဓာတ်ရှိမှု၊ ကိုယ်ကျိုးမငဲ့မှု၊ မေတ္တာဓာတ်ကြီးမားမှုနှင့် စိတ်နှလုံး နူးညံ့သိမ်မွေ့မှုများတွင် စံပြပုဂ္ဂိုလ်မြတ်ဖြစ်ပါပေသည်။ (စိန့်ဟီလီးယား)

ဗုဒ္ဓသည် လူသားတို့၏ မေတ္တာရှင်အဖြစ် လမ်းထွင်သူတစ်ဦးဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်တက်သည့် ထူးကဲသောဥာဏ်တော်သည် ထက်သန်သောဝီရိယ တောက်ပသည့်အရည်အသွေးတို့နှင့် တစ်ခုတည်းပေါင်းစပ်ခဲ့သည်။ အသိပညာဖြန့်ဖြူးမှုကို ကသုတ်ကရက်ဆောင်ရွက်လျက် နှစ်ပေါင်း၂၅၀၀ကြာပြီးနောက် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မေ့လျော့နေခွင့်မရှိတော့ပေ။ သူ့ပညာသည် သူပေးသည့်ဥပမာထက် ပိုမိုမြင့်မားပုံပေါ်သည်။ (မောနိဘက်ဂီ)

ဗုဒ္ဓဘာသာကို ဘာသာတရားတစ်ရပ်အနေဖြင့် ဆိုရမည်ထက် လျှောက်လှမ်းရမည့် ဘ၀လမ်းကြောင်းအဖြစ် ပို၍ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းတို့သည် စိတ်၏လုံခြုံမှု စိတ်၏ငြိမ်းချမ်းမှုကို ရရှိစေပါသည်။ (ဦးသန့်-ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း)

နိဝါတ တရားကိုလက်ကိုင်ထားသည့် ဗုဒ္ဓ၏နောက်ပါတပည့်များသည် ကံကောင်းကြပါပေစွ၊ သူတို့သည် ကနဦးကပင် အမှားယွင်းကင်းစွာဖွင့်ဆိုသည့် စာအုပ်တစ်အုပ်၏ မှားယွင်းသည့်အယူကို အမွေဆက်ခံသူများ မဟုတ်ကြပါ။ (ဆရာတော်ပါမောက္ခအာနန္ဒကောသလျာဏ)

ကျွန်ုပ်သည် ဂေါတမဗုဒ္ဓကဲ့သို့ ကိုယ်ကျင့်တရားရှိသော ပုဂ္ဂိုလ်မြတ်တို့အား မြင်လိုပါ၏ ရှင်တော်ဗုဒ္ဓသည် မိမိအသက်ကို အခြားသူတစ်ပါးတို့အတွက် စွန့်လွှတ်ရန် အမြဲတမ်းအဆင်သင့် ရှိနေပါ၏။ အခြားသတ္တ၀ါများအတွက် တစ်ဘ၀လုံး အလုပ်လုပ်ခဲ့၏။ စဉ်းစားစိတ်ကူးခဲ့၏။ တောထွက်တရားကျင့်ခဲ့သည်မှာ ကိုယ်ကျိုးအတွက်မဟုတ်ပေ။ ကမ္ဘာကြီးတစ်ခုလုံး လောင်မီးနှင့်မြှိုက်မြှိုက် ဖြစ်နေသည်ကိုသူသိ၏။ အဘယ်ကြောင့် ဤကမ္ဘာကြီးတွင် ဤမျှအထိ ဒုက္ခတို့ဖြင့် ပြွမ်းနေရပါသနည်း ဟူသောမေးခွန်းသည် သူ့ဘ၀တစ်ခုလုံးကို လွှမ်းမိုးနေသော မေးခွန်းဖြစ်ပါလေ၏။ (ဟိန္ဒူဘုန်းတော်ကြီးဆွာမိဝိဝေကာနန္ဒ)

အနုပညာဆန်စွာ ထာဝရနုပျိုလျက် ဆုံးမသွန်သင်သည့်ဟန်ဖြင့် လက်ယာလက်ကိုမြှောက်ချီ၍ ဖြူစင်သည့်ကြာပန်းပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မှုပုံသည် စကားနှစ်ခွန်း၏အဖြေကို ပေးနေသယောင်ရှိချေသည်။ ခံစားမှုဒုက္ခအပေါင်းမှ လွတ်မြောက်လိုလျှင် ပညာနှင့်ကရုဏာကို လက်တွေ့ကျင့်သုံးပါဟူ၍။ (အနာတိုလေဖရန်စစ်)

ဗုဒ္ဓမြတ်စွာသည် လူသားများကို ကြင်နာမှုအပြည့်ဖြင့် လူတန်းစားမခွဲခြားဘဲ တစုတဝေးတည်း စုဝေးလှုပ်ရှား နိုင်စေခြင်း၌လည်းကောင်း၊ အောက်ဆုံးလွှာဝိုင်းပယ်ခံ လူတန်းစားများကို ဘုရင့်စားတော်ဆောင်သို့ ခေါ်ဆောင်နိုင်ခဲ့ခြင်း၌လည်းကောင်း ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ပါပေသည်။ (မဒမ်ဗလာဘက်စကီး)

ယနေ့ ဗုဒ္ဓဓမ္မဟူသော ဒေသနာများသည် အချိန်ကြာညောင်းမှု အသိပညာကျယ်ပြန့်မှုကြောင့် ထိခိုက်မှုမရှိဘဲ မူလဟောစဉ်ကကဲ့သို့ နဂိုအတိုင်းတည်ရှိပေသည်။ သိပ္ပံဆိုင်ရာ အသိပညာများ မည်သို့တိုးတက်သည်ဖြစ်စေ ထပ်မံတွေ့ရှိချက်များကို လက်ခံနိုင်မှု၊ အလားတူတွေ့ရှိချက်များအတွက် ကဏ္ဍတစ်ရပ်ဖြစ်သည့် ဓမ္မဘောင်အတွင်းတွင် လူသား၏ အသိဥာဏ်နယ်နိမိတ်ကို တိုးချဲ့နိုင်သည်။ မှုလဘူတစိတ်၏ ကျဉ်းမြောင်းသော ယေဘုယျသဘောအပေါ်တွင် ယင်း၏တောင်းပန် တိုးလျှိုးမှုကိုလည်း မှီခိုအားထားမှုမပြု၊ အတွေးအခေါ်၏ ဆန့်ကျင်ဘက်အပေါ်တွင် ယင်း၏စွမ်းအားကိုလည်းမှီခိုမှုမရှိပေ။ (ဖရန်စစ်စတော်ရီ)

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောထွက်ပေါက်မှာ ဂေါတမဗုဒ္ဓ၏ ဩ၀ါဒကို လိုက်နာခြင်းပင်ဖြစ်ပါသည်။ (နေရူး)

ဗုဒ္ဓဘာသာအနေဖြင့် ဥရောပတိုက်သားများကို ဆွဲဆောင်နိုင်ခြင်းမှာ ထိုဗုဒ္ဓဘာသာ၏ အကြောင်းပြချက်များနှင့် အမှားအမှန်ကို ဝေဖန်မှုများကြောင့်ဟုယုံကြည်မိပါသည်။ ဗုဒ္ဓတရားတော်၏ ယခုအထိ ခိုင်ခိုင်ခံ့ခံ့ရှိနေသော သုတေသန ပြုလုပ်ထားပုံတို့မှာ အနောက်နိုင်ငံများတွင် သိပ္ပံပညာကို သုတေသနပြုလုပ်ထားပုံများထက်ပို၍ လက်တွေ့ကျနေပါပေသည်။ (ပါမောက္ခဂျက်ကွိစ်မာတင်)

ဗုဒ္ဓသည် စိတ်နှလုံးမြင့်မြတ်၍ သိမ်မွေ့နူးညံ့၏။ မိမိယုံကြည်ချက်အတွက် ဘာမဆိုစွန့်ရဲသော ယောက်ျားအာဇာနည်တို့၏ နှလုံးရည်တို့နှင့်ပြည့်စုံ၏။ သီလသမာဓိအရာ၌ အခြားသူများထက်မြင့်မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွန်းခဲ့သောဗုဒ္ဓသည် ဆယ့်ကိုးရာစုခေတ်ရောက်ကာမှ သိပ္ပံပညာရှင်တို့ တွေ့သိကြရသော အချက်များကို ကြိုတင်သိမြင်ခဲ့၏။ လွတ်လပ်စွာတွေးခေါ်မှုကို လိုလား၍ ယခုကာလ သိပ္ပံပညာရှင်တို့ကဲ့သို့ လွတ်လပ်စွာဆင်ခြင် စဉ်းစားတက်သူဖြစ်၏။
(ခရစ်ယာန်ဘုန်းတော်ကြီးအဒေါ့ထောမက်)

သေခြင်းနှင့်မွေးဖွားခြင်းတို့၏ ခြားနားခြင်းသည် စိတ္တက္ခဏ တစ်ခုသာဖြစ်ပါသည်။ ဤဘ၀၏ နောက်ဆုံးစိတ္တက္ခဏ(စုတိစိတ်)သည် နောက်ဘ၀၏ ပထမဦးဆုံး စိတ္တက္ခဏ(ပဋိသန္ဓေစိတ်) ပေါ်ပေါက်စေရန် အကြောင်းခံဖြစ်သဖြင့် စိတ်အစဉ်တစ်ဆက်တည်းသာ ဖြစ်သည်။ ဤတစ်သက်တာ ဘ၀၌ပင်လျှင် ရှေ့စိတ္တက္ခဏသည် နောက်စိတ္တက္ခဏဖြစ်ပေါ်ရန် ဖန်တီးပေးလေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာရှုထောင့်မှ သေသည်၏နောက်၌ဖြစ်ပေါ်ရသော ဘ၀အကြောင်းသည် နက်နဲလျှို့ဝှက်သည့် ကိစ္စရပ်မဟုတ်ရကား ယင်းပြဿနာနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဝင်တစ်ရောက်အနေဖြင့် ပူပန်စိုးရိမ်ခြင်း မရှိလှပေ။ (ဆရာတော်ဒေါက်တာဝါပိုလာရာဟုလာ)

အိန္ဒိယသည် အနောက်တိုင်းစိတ်ပညာရှင်များထက် ပို၍စောပြီး မသိစိတ်ကိုတွေ့ရှိခဲ့သည် ဟုဆိုနိုင်သည်။ ၎င်းတို့အတွက်မသိစိတ်သည် သူတို့၏အတိတ်ဘ၀မှ အမွေခံအဖြစ် ပုဂ္ဂိုလ်အသီးသီး၏ သန္တာန်ဝယ် ကိန်းဝပ်နေသည့် အစွဲအလန်းများနှင့် လုံးဝညီညွတ်ပေသည်။ ငုတ်လျှိုးနေသည့် အင်အားများနှင့်ဆက်စပ်သော ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းဘာဝနာ နည်းပညာသည် ခေတ်သစ်စိတ်ဝိညာဉ် ခွဲခြမ်းစိတ်ဖြာရေး စိတ်ဓာတ်လေ့ကျင့်ရေး စသည်တို့၏ ရှေ့ပြေးပင်ဖြစ်သည်။ (ပါမောက္ခဗွန်ဂလပ်ဆင်းနက်ပ်)

ဘာသာတရားတို့၏မိခင် အတွေးအမြင်ကြွယ်ဝသည့် အရှေ့တိုင်းနိုင်ငံများသည် စင်စစ်လျှို့ဝှက်ဖုံးကွယ်တက်သော်လည်း ဗုဒ္ဓဘာသာနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့အား မှန်ကန်စွာဖွင့်ဆိုမှုပေးပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား လူ့သဘာဝအတွင်းပိုင်းတွင် တည်ရှိနေသည့် ကိုယ်ကျင့်တရားအလှနှင့် ဖြူစင်မှုကိုသိရှိစေသောကြောင့် ဖြစ်သည်။ (ချားလ်စ်တီဂေါ်ဂင်)

ကမ္ဘာ့ဘာသာကြီးအားလုံးတို့အနက် ဗုဒ္ဓဘာသာတစ်ခုတည်းသာလျှင် ညှင်းဆဲနှိပ်စက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ခုံရုံးတင်၍စစ်ဆေးခြင်း မရှိဘဲ တိုးတက်လာခဲ့သည်။ (ဟက်စလေ)

ဤကမ္ဘာတွင် ဗုဒ္ဓသည် ထာဝရတည်မြဲ၍ တန်ဖိုးရှိသော သစ္စာတရားတို့ကို ဖော်ထုတ်ခဲ့သည်။ အိန္ဒယနိုင်ငံသားတို့ကိုသာမက လူသားထုတစ်ရပ်လုံးကိုပါ စာရိတ္တတရား မြင့်မားတိုးတက်စေခဲ့သည်။ ဗုဒ္ဓသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး လူသားစာရင်းဝင် တစ်ဦးဖြစ်သည်။ (အဲလ်ဘတ်ဆွစ်ဇာ)

ဗုဒ္ဓဘာသာသည် လူ့သမိုင်းတွင် လူထုလွတ်မြောက်ရေးအတွက် အဆုံးအမနှင့်တကွ ပထမဦးဆုံးသာသနာပြု ဘာသာတရားဖြစ်သည်။ ဗုဒ္ဓသည် ကမ္ဘာပေါ်တွင် ဘုရားရှင်ဖြစ်တော်မှုပြီးနောက် လူသားထု၏ ကောင်းကျိုးချမ်းသာအလို့ငှာ တရားဟောရန် တိုက်တွန်းမှာကြားလျက် တပည့်၆၁ပါးတို့ကို အရပ်ဒေသအသီးသီးသို့ စေလွှတ်ခဲ့သည်။ (ဒေါက်တာကေအန်ဇယတိလ္လေကေ)

10 comments:

Unknown said...

အလင်းစေတမန် ဘာသာတရားအတွက် အချိန်ပေးပုံက တကယ့်လေးစားလောက်ပေတယ်။ တခါတခါ ဒီဘလော့ပိုင်ရှင်ဟာ ဘုန်းကြီးများလား ဓမ္မာစရိရ ဆရာလားထင်ရပါတယ်။ ဒါပေမဲ့သူက စာတွေ အမြဲကျက်နေရတဲ့ ကျောင်းသားတဲ့။ အံ့မခန်းပါပဲ။

ဒီလို လူတွေ တကယ်ပဲ တိုင်းပြည်အတွက်လိုအပ်တယ်။
ကံငါးပါးလုံတာမပြောနဲ့ ၂ပါးလောက်လုံကြရင်တောင် မြန်မာပြည်က ထိပ်ရောက်မှာ။

သူများကို အလင်းပေတဲ့သူက သူကိုယ်တိုင်လည်းအလင်းပိုရတယ်တဲ့လေ။ ကောင်းလိုက်တဲ့အလုပ်။

အယ်ဇီ

ဇင်ယော် said...

ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာသာဝင်မဟုတ်သူတွေရဲ့ ဗုဒ္ဓဘာသာအပေါ် သူတို့ ရဲ့ အမြင်သဘောထားတွေကို ဝေမျှပေတာ ကောင်းလိုက်တာဗျာ။ အများအတွက် အလင်းရောင် ဝျှေနိုင်တဲ့ တကယ့်စေတမန် တစ်ဦးပါပဲ။

မသက်ဇင် said...

အလင်းစေတမန်ရေ---
"ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို့အမြင်(၅)"
ကို သေချာ ဖတ်ပါတယ်--မှတ်စုလည်း ထုတ်
ယူပါတယ်--အလွန်တန်ဘိုးရှိပါတယ်--
အခုလို စုဆောင်းပြီးဝေငှပေးတဲ့အတွက်--
ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်--
ဆက်လက်ပြီး အလင်းပေးနိုင်ပါစေ---

လင်းဦး(စိတ်ပညာ) said...

အလိုရေးသား ဖြန့်ဝေတာ ကျေးဇူးပါ...

December Cinderella said...

ဗုဒ္ဓဘာသာကို ဘာသာတရားတစ်ရပ်အနေဖြင့် ဆိုရမည်ထက် လျှောက်လှမ်းရမည့် ဘ၀လမ်းကြောင်းအဖြစ် ပို၍ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သည်းခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းတို့သည် စိတ်၏လုံခြုံမှု စိတ်၏ငြိမ်းချမ်းမှုကို ရရှိစေပါသည်။ (ဦးသန့်-ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း)

အဲ့ဒါလေးကို သဘောကျတယ် ..
ကျန်တဲ့ အမြင်တွေကိုလဲ သဘောကျပါတယ် ....

ကြိုက်လွန်းလို့ ယူသွားသေးတယ် ..
သူများကို အလင်းဆောင်ကြဉ်းပေးသော သူကလေး ..
ကျေးဇူးပါ ..

WWKM said...

တန်ဖိုးရှိတဲ့ ဘာသာရေးစာပေတွေကို ရေးသားဖြန့်ဝေ
ပေးတာ ကျေးဇူးတင် လေးစားမိပါတယ်..မောင်လေးရဲကြီး ရေ..
အစစ အရာရာ အဆင်ပြေပါစေနော်။

ရွှေပြည်သူ (ShwePyiThu) said...

အရမ်းအဖိုးတန်တဲ့ ပို့စ်ပါ။ အစ်မ တစ်ခုမှ မဖတ်ဖူးခဲ့ပါဘူး။ ဗုဒ္ဓဘာသာကို ဘာသာဝင်မဟုတ်သူတွေရဲ့ အမြင်တွေကိုပါ ဖတ်ရတော့ မြတ်စွာဘုရားကို ပိုပြီး ကြည်ညိုမိပါတယ်။ ပိုပြီး သက်ဝင်ယုံကြည်လာတဲ့စိတ်လည်း ဖြစ်မိပါတယ်။ အဲဒီအတွက် မောင်လေးလည်း ကုသိုလ်တွေရမှာပါ။ အခုလို တန်ဖိုးရှိတဲ့ပို့စ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ မောင်လေး...

thihanyein said...

ကျေးဇူးတင်ပါတယ်သယ်ရင်းရေ မင်းရေးပေးလိုက်တဲ့စာတွေ အမြင်တွေ သိရတာ သိပ်ဝမ်းသာတယ်ကွာ အဆင်ပြေပါစေ ကွာ

Anonymous said...

နိဝါတ တရားကိုလက်ကိုင်ထားသည့် ဗုဒ္ဓ၏နောက်ပါတပည့်များသည် ကံကောင်းကြပါပေစွ၊ သူတို့သည် ကနဦးကပင် အမှားယွင်းကင်းစွာဖွင့်ဆိုသည့် စာအုပ်တစ်အုပ်၏ မှားယွင်းသည့်အယူကို အမွေဆက်ခံသူများ မဟုတ်ကြပါ။ (ဆရာတော်ပါမောက္ခအာနန္ဒကောသလျာဏ)ကျနော် သဘောအကျဆုံး အပိုဒ်ဖြစ်ပါတယ်။ ရှိသေးရင် ထပ်တင်ပေးစေလိုပါတယ်။ ဗေဒင်ဝါသနာပါပေမယ့် ဗေဒင်နဲ့ ဘာသာတရားကို တပိုင်းစီခွဲခြားထားပါတယ်။

Apprenticeship said...

မျှဝေပေးသွားတာ ကျေးဇူးပါ...