Sunday, October 26, 2008

နှစ်သက်မိတဲ့ကဗျာတစ်ပုဒ်(၁)

လူငယ်ဘ၀သည် နွေပန်းတစ်ပွင့်နှင့်တူ၏။ ၎င်းသည်ရုတ်တရက် နွမ်းးကြွေသွားပေ၏။ အိုမင်းခြင်းက လယ်ကွင်းများကို ဖြတ်သန်းလာသော မီးနှင့်တူ၏။ ရုတ်တရက်ဆိုသလို သင့်ခြေဖနောင့်များဆီသို့ ရောက်လာ၏။ ဗုဒ္ဓမြတ်စွာ တစ်ချိန်က မိန့်ဆိုခဲ့၏။ 'ဇာတိနှင့် မရဏသည် နေထွက်ချိန်၊ နေ၀င်ချိန် တို့နှင့် အလားတူ၏၊ ယခုရောက်လာသည်- ယခုပြန်သွားလေပြီ'
ဖျားနာခြင်းသည် ငှတ်ကလေးတစ်ကောင်နှင့်တူ၏ ၊ ဒဏ်ရာရထားသည့် ငှတ်ကလေး၊ သင်မသိလေသလား- ကျန်းမာခြင်းနှင့် ခွန့်အားတို့သည် အချိန်တန်လျှင် သင့်ကို စွန့်ခွာသွားလိမ့်မည်၊ သေခြင်းသည် ဆီခန်းသွားသည့် ဆီမီးခွက်နှင့်တူ၏ (မှိတ်တုတ်မှိတ်တုတ် လင်းနေရာမှ နောက်ဆုံးငြိမ်းသွား၏)
ဤကမ္ဘာလောကသည် မတည်မြဲပါ၊ ဘယ်ဟာမျှ မပြောင်းလဲဘဲ မရပ်တည်နိုင်ကြောင်း သင့်ကို အသေအချာ ကျွန်ုပ်ပြောဝံ့သည်။ အကုသိုလ်ကံတို့သည် ရေတံခွန်နှင့် အလားတူ၏။ ရေတံခွန်သည် အထက်သို့စီးသည်ဟု မမြင်စဖူးပါ။
မကောင်းမှုပြုသူသည် အဆိပ်ပင်နှင့်တူ၏။ ထိုအပင်ကို သင်မှီလျှင် သင်ထိခိုက်ခံရလိမ့်မည်။ အပြစ် ကျူးလွန်သူတို့သည် နှင်းကိုက်ထားသည့် ပဲများနှင့်တူ၏ ပျက်စီးသွားသော အဆီခဲကဲ့သို့ အားလုံးကို ယိုယွင်း ပျက်စီးစေ၏။တရားအားထုတ်သူတို့သည် လယ်ကွင်း၌ ထွန်ယက်နေသော လယ်သမားများနှင့် တူ၏။
ကမ္မနိယာမသည် သံသရာရဟတ်ဘီးနှင့်တူ၏။ ၎င်းကိုဖျက်စီးသူ မည်သူမဆို အကြီးအကျယ် ဆုံးရှုံးရလိမ့်မည်။ သံသရာသည် အဆိပ်ရှိသော ဆူးနှင့်တူ၏၊ အသားထဲ၌ ၎င်းကိုဆွဲမထုတ်လျှင် အဆိပ်တိုးပွားပြီး ပြန့်ပွားသွားလိမ့်မည်။
သေမင်း၏ လာခြင်းသည် နေ၀င်ချိန်အခါ အရိပ်နှင့်တူ၏။ ၎င်းသည် လျင်မြန်စွာ ပြေးသွားရာ ဘယ်အရာမျှ ၎င်းကို မရပ်တန့်စေနိုင်ပါ။ ထိုအချိန်ရောက်လာသည့်အခါ မြင့်မြတ်သောတရားအပြင် အခြားဘယ်အရာက ကူညီနိုင်ပါသလဲ။
တရားဓမ္မသည် အောင်မြင်မှု၏ စမ်းရေတွင်းဖြစ်သော်လည်း တရားကြိုးစားအားထုတ်သူတို့မှာ နည်းပါးလှ၏။ ရာပေါင်းများစွာသော သူတို့သည် သံသရာ ၀ဋ်ဆင်းရဲမှာ လုံးထွေးငြိတွယ် နေကြသည်။ ဤကံဆိုးသော အခြေအနေသို့ မွေးဖွားလာကြပြီး လုယက်ခိုးဝှက်ခြင်းဖြင့် စီးပွားတက်ရန် သူတို့ကြိုးပမ်းကြသည်။ သင်သန်စွမ်း၍ ကျန်းမာနေသောအခါ ဖျားနာရမည်ကို ဘယ်အခါမျှ သင်မတွေးမိပါ။ သို့သော် လျှပ်စီးလက်သည့်ပမာ ရုတ်တရက် ခွန့်အားနှင့်ရောဂါ ဆင်းသက်လာပါ၏။
လောကီကိစ္စများ၌ ပါဝင်ပတ်သက်နေသည့်အခါ သေမင်းချဉ်းကပ်လာမည့် အရေးကို ဘယ်အခါမျှ သင်မတွေးမိပါ။ လျင်မြန်စွာ မိုးကြိုးခြိမ်းသည့်ပမာ သင့်ဦးခေါင်း ပတ်လည်သို့ သေမင်းထိုးဆင်းလာသည်။
ဖျားနာခြင်း အိုမင်းခြင်းနှင့် သေခြင်းတရားတို့သည် တစ်ခုနှင့်တစ်ခု အမြဲဆုံတွေ့နေကြသည်။ လက်များနှင့် ပါးစပ် ဆုံတွေ့နေကြသကဲ့သို့တည်း။ အတိတ်က သင်တွေ့ကြုံခဲ့သည့် ဆင်းရဲများကို သင်မကြောက်ရွံ့လေသလား။ သင်ကံဆိုး မိုးမှောင်ဖြစ်သည့်အခါ ဆင်းရဲများစွာကို သင်ဧကန် ခံစားရလိမ့်မည်။
ဘ၀၏ရန်သူများသည် ပင်လယ်၏ လှိုင်းလုံးများပမာ တစ်ခုနောက်တစ်ခု အဆက်မပြတ် လိုက်နေကြ၏။ တစ်ခုဖြတ်ကျော်သွားရုံသာရှိသေး နောက်တစ်ခုက ၀င်ရောက်လာသည်။ သံသရာမှ သင်လွတ်မြောက်သည့်နေ့တိုင်အောင် နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ကြုံရာလာကြ သွားကြသည်။ လမ်းပေါ်ဆုံတွေ့ရသော ဖြတ်သန်းသွားသူများ ကဲ့သို့တည်း။
ပျော်ရွှင်မှုများကား စိတ်မချကြရပါ။ နေရောင်ခြည်တွင် ရေချိုးခြင်းကဲ့သို့တည်း။ နှင်းမုန်တိုင်းများလို ကြိုတင်သတိမပေးဘဲ လာရောက်ပြီး အလျင်အမြန် ဖြတ်သန်းသွားကြသည်။ ဤအရာများကို သတိရလျက် အဘယ်ကြောင့်တရား အားမထုတ်သေးသနည်း။
(မှတ်ချက်။ ဒီကဗျာလေးကို တိဘက်ဗုဒ္ဓဘာသာဝင် မီလရေပ ရေးသားထားတာဖြစ်ပြီး ဘာသာပြန်ဆိုသူက ဆရာကြီးဒေါက်တာမင်းတင်မွန် ဖြစ်ပါတယ်။)


ဖြစ်သလိုစားတဲ့နေ့

ကျွန်တော်မောင်ရဲကြီးတစ်ယောက် ဒီTag Post ကိုမရေးချင်လို့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ပါသေးတယ်ခင်ဗျ။ အလုပ်များချင်ယောင်ဆောင်ပြီး Email ကတစ်မျိုး ဆီဗုံးကတစ်သွယ် မရေးပါရစေနဲ့ ခွင့်တောင်းပေမယ့် မ၀ါဝါကလည်း ခွင့်ပြုမယ့်ပုံမပေါ်ပါဘူးခင်ဗျ။ ဖြစ်သလိုစားတဲ့နေ့ ရေးရမယ်ဆို ရက်တွေများလို့ ဘယ်ကစရမှန်းတောင် မသိပါဘူးခင်ဗျ။ လတ်တလော အဖြစ်အပျက်ပြောရမယ်ဆိုရင် ဂလိုဗျ။ ကျွန်တော်တို့သင်တန်းကလည်း စနေနေ့ပါ သင်နေရတယ်ဗျ။ သီတင်းကျွတ်လပြည့်တောင် အနားမပေးတာနဲ့ မချစ်သော်လည်းအောင့်ကာသင် ပေါ့ဗျာ။ ဟော..... Sunday ရောက်ပြီဆိုပြီး နားမယ်ကြံကာရှိသေး လေ့လာရေးခရီးရှိပါသတဲ့ ခင်ဗျ။ စနေညမှာ ထုံးစံအတိုင်း Gtalk တက်ရင်း စင်္ကာပူက သူငယ်ချင်းတစ်ယောက်နဲ့ အာရိုက်ကြသေးသဗျ။ ကြုံတုံးပြောရမယ်ဆိုရင် ကျွန်တော် Internet သုံးရတာ အဆင်သိပ်မပြေဘူးဗျ။ Wireless မရတဲ့နေရာ ရောက်နေတာနဲ့ Phone နဲ့ Computer ချိတ်သုံးရသဗျ။ အကျိုးဆက်အနေနဲ့ ပိုက်ဆံပိုကုန်တယ်ခင်ဗျ။ ကြုံကြွားလေးကြွားရဦးမယ်ဆိုရင် ကျွန်တော်က နေ့တိုင်း မနက်(၅)နာရီဆို အိပ်ရာကနိုးပြီဗျ။ Early to bed and early to rise makes a man whealthy, healthy and wise. ဆိုလားဗျာ၊ အဲ့ဒီစကားပုံကို လိုက်နာတဲ့အနေနဲ့ ပေါ့ဗျာ၊ မှားရင်လည်း ပြင်ဖတ်ပေးကြပါခင်ဗျ။ ဒီမနက်တော့ သူငယ်ချင်းများနဲ့ အာရိုက်ခြင်း အကျိုးကျေးဇူးနဲ့ သင်တန်းသားအားလုံး ကျောင်းကားပေါ်ရောက်နေချိန်မှာ ဇိမ်ကျကောင်းနေတုန်း အခန်းတံခါးလာခေါက်ကြသဗျ။ တနင်္ဂနွေနေ့ကို ဘာလို့လာနှိုးကြပါလိမ့်လို့ တွေးရင်းတံခါးဖွင့်ကြည့်တော့၊ အလိုလေး.... သူများတွေ အနောက်တိုင်းဝတ်စုံ ကိုယ်စီနဲ့ ဖြစ်နေပါရောလား။ ဒါနဲ့ ချီတာကျားသစ်တွေရဲ့ အမြန်နှုန်းမျိုးနဲ့ ရေအမြန်ချိုးပြီး တွေ့တဲ့ပေါင်မုန့်နှစ်ချပ်ဆွဲထွက်လာခဲ့ရသဗျ။ ဒီနေရာမှာ ကြားဖူးတဲ့ စကားပုံတစ်ခု ဖောက်သည်ချရမယ်ဆိုရင် "မနက်စာကို တစ်ယောက်တည်းစားပါ၊ နေ့လည်စာကို မိတ်ဆွေတွေနဲ့စားပါ၊ ညစာကို ရန်သူသို့ ပေးလိုက်ပါ" တဲ့။ ကျွန်တော်ကတော့ ညစာကို ရန်သူအတွက်ပါ စားပစ်လေ့ရှိတယ်ဗျာ၊ ကဲ မှတ်ကရော။
ကဲ... မ၀ါဝါရေ၊ ကျွန်တော်က စာသိပ်မရေးတက်လို့ ဒီလောက်နဲ့ ကျေနပ်ပေးပါဗျာ။ ကျွန်တော့် Blog ကိုလာရောက် လည်ပတ်သူတွေကို အထူးတောင်းပန်ချင်တာက ကျွန်တော့် Blog အသစ်လေးရဲ့ အားနည်းချက်တွေကို သည်းခံဖတ်ရှုပေးဖို့ပါ ခင်ဗျ။ အားနည်းချက်တွေကို ဝေဖန်အကြံပေးကြပါဦးဗျာ။

Saturday, October 18, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၃)

ကမ္ဘာပေါ်တွင် မည်သည့်ဘာသာက ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ကို မပြောမဖြစ်ပြောပါဟု သင်ကတိုက်တွန်းခဲ့သော် ကျွန်ုပ်သည် စိတ်ပါလက်ပါ စာနာထောက်ထားစွာဖြင့် ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဟု မဆိုင်းမတွ အဖြေပေးရပါလိမ့်မည်။ (ရာဘင်ဒရာနတ်တဂိုး)

ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး)

စကြာဝဠာကြီးတစ်ခုလုံးသည် အလွန်ကျယ်လှသည့် စစ်မြေပြင်ကြီး တစ်ခုသာဖြစ်သည်။ နေရာတိုင်း တိုက်ခိုက်နေကြသည်။ ဘ၀ဟူသည် ဘာမျှမဟုတ်ပေ။ ကြောက်စရာကောင်းသော ရောဂါများနှင့် ရောဂါပိုးမွှား တို့၏ အချီးနှီးသော ဆန့်ကျင်တုပြိုင်ခြင်းသာဖြစ်သည်။ အနုမြူ အနုမြူချင်း အက်တမ် အက်တမ်ချင်း အီလက်ထရွန် အီလက်ထရွန်ချင်း ဆန့်ကျင်တိုက်ခိုက် နေခြင်းသာဖြစ်သည်။ စိတ်ဟူသည် တိုက်ပွဲတစ်ခု၏ သဏ္ဌန်သာတည်း၊ သဏ္ဌန်များ အသံများ အရသာများသည် ဆန့်ကျင်တိုက်ခိုက်နေသည့် အင်အားစုများ၏ အကျိုးသက်ရောက်မှု များသာဖြစ်သည်။ စစ်ပွဲများ ဖြစ်နေခြင်းက ပြည့်စုံသော ငြိမ်းချမ်းမှု တစ်ခုရှိနေကြောင်း သက်သေပြနေသည်။ ဤသည်မှာ ကျွန်ုပ်တို့အခေါ် နိဗ္ဗာန်ပင် ဖြစ်သည်။ (ဆရာတော်အရှင်နာရဒ)

ခရစ်တော်သည် အခြားသော သမိုင်းဝင် ပုဂ္ဂိုလ်များလောက် မြင့်မားသော ပညာကြောင့် ရပ်တည်သလား၊ ပါရမီကြောင့် ရပ်တည်သလား ဆိုသည်ကို ကျွန်ုပ်ကိုယ်တွေ့ မသိရပါ။ သို့သော် ပညာ၊ ပါရမီ တို့နှင့် ပတ်သက်လာလျှင် မြတ်ဗုဒ္ဓကို ခရစ်တော်၏ အပေါ်မှ ထားသင့်သည်။ (ဘာထရန်ရပ်ဆဲလ်)
့်
အကယ်၍ ပြဿနာတစ်ခုခု ဖြေရှင်းဖွယ်ရာ ရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင် ရပေမည်။ (နေရူး)

ဗုဒ္ဓသည် ထိုခေတ်က ဘုရားဆိုသူတို့အား ဂရုမပြုသူ ဖြစ်၏။ တစ်ဖက်သူတို့က ဘုရားမရှိသူ ဟုပင် ကင်ပွန်းတပ် ခံခဲ့ရသေးသည်။ သို့သော် ဆိတ်ငယ်ကလေး တစ်ကောင်အတွက်ပင် သူ့အသက်ကိုစွန့်ရန် အဆင်သင့် ရှိခဲ့၏။ (ဟိန္ဒူဘုန်းတော်ကြီးဆွာမိဝိဝေကာနန္ဒ)

ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဝါဒကို နှစ်ပေါင်း ၂၅၀၀ကျော် တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့ စွမ်းပကားဟာ လူ့သမိုင်းအရ ဘယ်လူသားကမှလိုက်မမီနိုင်သေးဘူး၊ ခုကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှစ်သန်းကို နောက်လိုက်ဖြစ်အောင်လုပ်နိုင်လဲ၊ နှစ်ပေါင်းဘယ်လောက်ကြာကြာ တည်တံ့အောင် လုပ်နိုင်မလဲ၊ သူလောက်ကြီးမြတ်တဲ့ စည်းရုံးရေးမှုးမျိုး ရှိနိုင်ပါ့မလား။ (၀န်ကြီးချုပ်ခရုရှက်)
(မှတ်ချက်။ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်တွင် မစ္စတာခရုရှက်က လက်အုပ်ချီသဖြင့် မြန်မာခေါင်းဆောင်တစ်ဦးမှအဘယ်ကြောင့် လက်အုပ်ချီသလဲ မေးမြန်းရာတွင် မစ္စတာခရုရှက်မှ ပြန်လည်ဖြေကြားပါသည်။)

ဗုဒ္ဓဆိုသည့် ပုဂ္ဂိုလ်သည် လောကမီးလောင်ပြင်တွင် ဆော့ကစားနေသည့် ကလေးငယ်များကိုမြင်၍ ကလေးများကို မီးလောင်အိမ်မှ ဆွဲထုတ်ရန် အကြံအမျိုးမျိုယူ၍ နိဗ္ဗာန်ဟူသော ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးသူဖြစ်သည်။ (ပါမောက္ခလက်ခ်ရှမီးနာရာစု)

ဗုဒ္ဓနှင့်ပတ်သက်၍ အထင်အရှားဆုံးအရာကား တည်ကြည်သည့် သမာဓိ၊ ပညာ၊ နွေးထွေးသောမေတ္တာ၊ နက်နဲသောကရုဏာတို့၏ ထူးကဲသော ပေါင်းစပ်မှုပင်ဖြစ်သည်။ ဗုဒ္ဓတစ်ဦးတည်းသာ လူ့သဘာဝ ကောင်းဆိုးသိစိတ်ကို ကိုယ်စားပြုသဖြင့် ယနေ့ကမ္ဘာသည် ဗုဒ္ဓဆီသို့ ပို၍ပို၍ပင် ဦးလှည့်လာလေပြီ။ (မောနိဘက်ဂီ)

ဗုဒ္ဓမြတ်စွာသည် နတ်ဘုရားတစ်ဆူလည်းမဟုတ်၊ ဘုရားသခင်၏ တမန်တော်တစ်ဦးလည်းမဟုတ်၊ နတ်ဘုရားဝင်စားသော ပုဂ္ဂိုလ်တစ်ဦးလည်းမဟုတ်၊စင်စစ်သူသည် အထွတ်အထိပ်သို့ရောက်သော လူသားတစ်ဦးသာ ဖြစ်ပေသည်။ (အရှင်ဥာဏတိလောက)

သိပ္ပံပညာသည် မည်သည့်အာမခံချက်မျှ မပေးနိုင်ပေ၊ သို့ရာတွင် ဗုဒ္ဓဘာသာ၏ လောကုတ္တရာအသိပညာသည် သိပ္ပပညာ၏ လမ်းဆုံးမှ စတင်သောကြောင့် ဗုဒ္ဓဘာသာသည် အနုမြူစွမ်းအား၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ ဤသည်မှာ ဗုဒ္ဓဘာသာကို သေသေချာချာ လေ့လာထားသူများအဖို့ ရှင်းလင်းထင်ရှားပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်းဖြင့် ရုပ်ကိုပြုပြင်သည့် အနုမြူဆိုင်ရာ များ ဖက်စပ်ပါဝင်မှုကို တွေ့ရသည်။ အကြောင်းတရားကိုမှီ၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများ စိတ်မမကြေနပ်မှုများ ဒုက္ခ၏ ဖြစ်ပေါ်ချုပ်ပျောက်မှုများသည် ကျွန်ုပ်တို့အခေါ် ၀ိညဉ်(သို့) အတ္တစွဲ၊ ဗုဒ္ဓဒေသနာများအရ သက္ကာယဒိဋ္ဌိဟူသော အမြင်မှား အသိမှားများကို ဖြစ်ပေါ်စေသည်။ (အက်ဂါတန်စီဘက်ပတစ်)

ဗုဒ္ဓဘာသာသည် အစောဆုံးရောက်ရှိလာပြီး ၎င်း၏အခြေခံတရားများကို ခရစ်တော်အပြင် နောက်ပိုင်းတွင် မဟတ္တမဂန္ဒီတို့က သုံးစွဲခဲ့ကြသည်။ မိမိတို့၏ဘာသာကို မိမိတို့ကိုယ်တိုင် ရိုးသားစွာ လိုက်နာကျင့်သုံးခဲ့ကြပါလျှင် ကမ္ဘာ့ဘာသာများသည် ဘာသာတစ်ခုက တစ်ကိုယ်ကောင်းဆန်ပြီး အခြားဘာသာတစ်ခုကို မိမိဘာသာထက်နိမ့်ကျသည်ဟု ထင်မြင်လျှင် အငြင်းပွားရတက်သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာမဟုတ်သော်လည်း ဗုဒ္ဓဘာ၏သဘောတရားများကို ရိုသေပါသည်။ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားပါသည်။ (စီဂျီဘားရက်ဒီ-အိန္ဒိယနိုင်ငံသမ္မတဟောင်း)

အကယ်၍ ခေတ်သစ်သိပ္ပံပညာ၏ လိုအပ်ချက်များနှင့် ဘာသာရေး တစ်ခုရှိခဲ့သည်ဆိုလျှင် ၎င်းသည်ဗုဒ္ဓဘာသာ ဖြစ်လိမ့်မည်။ (အိုင်းစတိုင်း)

ဗုဒ္ဓသည် အကျင့်သိက္ခာအားလုံးနှင့် ပြည့်စုံသောစံနမူနာကို ဟောပြော၏။ သူ၏ဘ၀မှာလည်း အစွန်းအထင်းဟူ၍ လုံးဝမရှိပါချေ။ (စိန့်ဟီလီးယား)

ကျွန်ုပ်သည် ဗုဒ္ဓအကြောင်းကိုပိုသိလေ ပို၍ကြည်ညိုလေ ဖြစ်မိပါသည်။ (ဖော့စ်ဘောလ်)

ဗုဒ္ဓဒေသနာတော်များ၏ အနှစ်သာရများသည် ယခုအခါ ဟိန္ဒူဝါဒ၏ ပြည့်ဝသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းပါဝင်နေကြောင်း ကျွန်ုပ်စဉ်စား ဆင်ခြင်မိသည်။ ယနေ့ အိန္ဒိယရှိ ဟိန္ဒူများအနေဖြင့် ဂေါတမဗုဒ္ဓက ဟိန္ဒူဝါဒကို အကျိုးဖြစ်ထွန်းစေသည့် ကြီးမားသော ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်ခြေရာခံ စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ပါ။ ဗုဒ္ဓ၏ကြီးမားသော အနစ်နာခံမှု၊ စွန့်လွှတ်မှုနှင့် ဘ၀၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင့် ဟိန္ဒူဝါဒအပေါ်တွင်မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်ထားခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုဆရာမြတ်အား ထာဝရကျေးဇူးကြွေးများ ပေးဆပ်ရန်ရှိနေပေသည်။ (မဟတ္တမဂန္ဒီ)

ဗုဒ္ဓဘာသာ၏သမိုင်းတွင် ခရစ်ယာန်ဘာသာကို အထင်မှားအမြင်မှား ဖြစ်အောင်၊ ပုံပျက်အလှပျက်အောင် ပြောဆိုခဲ့ခြင်း စိုးစဉ်းမျှမရှိပါ။ သူတစ်ပါးကို ပြစ်တင်နှိမ့်ချခြင်းသည် ဗုဒ္ဓလမ်းစဉ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါသည်။ ဗုဒ္ဓလမ်းစဉ်သည် မေတ္တာတရားဖြင့် လွှမ်းခြုံထားသည်။ အလွန်မွန်မြတ်လှသည်။ (မစ္စတာကင်းဘဲလ်လ်-ဗြိတိလျှမြို့ပြအုပ်ချုပ်ရေးအရာရှိ)

ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွင် ဘုရားသခင်နှင့် နတ်ဘုရားများ၏ ကူညီမှုလုံးဝမပါရှိဘဲ လူတိုင်း ကိုယ်တိုင်ရနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ထုတ်ဖော်ခဲ့သည်။ မိမိကိုယ်ကို ယုံကြည်ကိုးစားရန်၊ စိတ်ထားဖြူစင်ရန်၊ ယဉ်ကျေးပျူငှာရန်၊ အသိပညာပွင့်လင်းရန်၊ အများအပေါ် မေတ္တာထားရှိရနတို့ကို ဗုဒ္ဓကအလေးအနက်အခါခါ ဩ၀ါဒပေးခဲ့သည်။ ဘ၀တွင် ပညာမပါဘဲ ၀ိပဿနာပညာ မရရှိနိုင်၍ ပညာ၏မလွဲမသွေ လိုအပ်မှုကို တိုက်တွန်းဆုံးမတော်မှုခဲ့ပါသည်။ (ပါမောက္ခအီလီယော့တ်)

အကြောင်းတရားကိုမှီ၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများ စိတ်မကျေနပ်မှုများ ဒုက္ခ၏ဖြစ်ပေါ် ချုပ်ပျောက်မှုများသည် ကျွန်ုပ်တို့အခေါ် ၀ိညာဉ်(သို့) အတ္တစွဲ၊ ဗုဒ္ဓဒေသနာများအရ သက္ကယဒိဋ္ဌိဟူသော အမြင်မှားအသိမှားကို ဖြစ်ပေါ်စေသည်။(အက်ဂါတန်စီဘက်ပတစ်)

ဂေါတမဗုဒ္ဓသည် လူသားတို့၏ အတွေးအခေါ်နှင့် ဘ၀အပေါ် ဩဇာသက်ရောက်မှုရှိခြင်း နှင့်ပတ်သက်၍ အရှေ့တိုင်းတွင် အပြောင်မြောက်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ နက်နဲကျယ်ပြန့်မှု အရာတွင် မည်သည့်ဘာသာထက်မျှ မနိမ့်ကျသောုဘာသာရေးစနစ် တစ်ခုကို ထူထောင်ခဲ့သော ပုဂ္ဂိုလ်အဖြစ်ဖြင့် အလေးအမြတ်ပြုအပ်သော ပုဂ္ဂိုလ်ဖြစ်သည်။ (အိန္ဒိယသမ္မတကြီးရာဓာခရစ်ရှနာ)

Sunday, October 12, 2008

Coming soon

Blogger တို့ရေ၊ ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို့အမြင်ဆိုပြီး (၁)နဲ့(၂)ကို ရေးပြီးသွားပါပြီ၊ အခုဆက်လက်ပြီး အပိုင်း(၃) (၄) နဲ့(၅) ဆိုပြီးဆက်လက်စုစည်းဖော်ပြသွားပါမယ်။ ကိုးကားထားတဲ့ စာအုပ်တွေ အရမ်းများလို့ ကိုးကားစာအုပ် အမည်ကို အတိအကျ ဖော်ပြမပေးနိုင်တာ နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ အခုလို စုစည်းဖော်ပြခြင်းဟာ ဗုဒ္ဓဘာသာ ၀င် မဟုတ်သူတွေကို ရှုံ့ချလိုတဲ့ဆန္ဒ လုံးဝမရှိပါကြောင်းဝန် ခံပြောကြားလိုပါတယ်။ ပညာရှင်တို့ရဲ့ ဘက်မလိုက်တဲ့အမြင်များကို တင်ပြခြင်းဖြင့်ဗုဒ္ဓဘာသာဝင် များ သဒ္ဓါတရား တိုးပွားလာစေရန် ရည်ရွယ်ပါတယ်။ ကျွန်တော့် Blog လေးကို လာရောက်လည်ပတ်ကြသူတွေနဲ့ Comment ရေးပေးကြသူတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြတ်စွာဘုရားရှင်က အကျွမ်း ၀င်တဲ့သူတွေက အနှိုင်းမဲ့ဆွေမျိုးတွေ ဖြစ်တယ်လို့ မိန့်ဆိုဖူးပါတယ်။ ဒီလိုဆိုရင် Blogger တွေက ကျွန်တော့်ရဲ့ အနှိုင်းမဲ့ဆွေမျိုးတွေပါ။ Blogger တွေ အားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေဗျာ။

ရေချိုးမှားနေသူ

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံး နေတော်မူစဉ်အခါ ဖြစ်၏။ ရဟန်းတို့အား တရားဒေသနာ ဟောကြားတော်မူရာ၌ စိတ်ညစ်ညူးခြင်းနှင့် စိတ်သန့်ရှင်းခြင်း စင်ကြယ်ခြင်း သဘောကို ဟောကြားလေသည်။ ထိုအခါဝယ် သုန္ဒရိက ဘာရဒွာဇ ပုဏ္ဏားသည်လည်း မြတ်စွာဘုရားထံ၌ ရောက်ရှိနေခိုက် ဖြစ်၏။ ထိုပုဏ္ဏားက မေးလျှောက်လေသည်။ " အရှင်ဂေါတမ အရှင်သည် ဗာဟုကာမြစ်၌ ရေချိုးပါသလား" ထိုအခါ မြတ်စွာဘုရားက ပြန်လည်မေးတော်မူသည်။ " ပုဏ္ဏား- ဗာဟုကာမြစ်၌ အဘယ်ကြောင့် ရေချိုးရမည်နည်း၊ ဗာဟုကာမြစ်က ဘာအကျိုးပြုလေသနည်း" " အရှင်ဂေါတမ- ဗာဟုကာမြစ်သည် ကိလေသာကို ခေါင်းပါးစေတက်၏ ဟုလူအများက သမုတ်ထားပါ၏၊ ကိလေသာစင်ကြယ်အောင် ပြုနိုင်သည်ဟု အဆိုရှိပါသည်၊ လူအများသည် မကောင်းမူ ပြုလုပ်မိသည်ရှိသော် ထိုဗာဟုကာမြစ်၌ မျှောပစ်ကြပါသည်" " ပုဏ္ဏား- သင်ပြောသည့်အတိုင်း မဖြစ်နိုင်ပေ၊ မကောင်းမူ ပြုလုပ်ထားသော အကြင်လူမိုက်သည် ဗာဟုကာမြစ်၌ အမြဲအစဉ် ရေချိုးနေသော်လည်း မစင်ကြယ်နိုင်ပေ၊ အခြားသော သုန္ဒရိကမြစ်၊ သူရဿတီမြစ်၊ ဗာဟုမတီမြစ် စသည်တို့၌ အမြဲအစဉ် ရေချိုးနေသော်လည်း မကောင်းမူသည် မစင်ကြယ်၊ မပပျောက်နိုင်၊ ထိုထိုမြစ်များ၊ ဆိပ်ကမ်းများသည် မကောင်းမူ အကုသိုလ်ကံကို မတားမြစ်နိုင်ပေ၊ မသုတ်သင်နိုင်ပေ" " အို ပုဏ္ဏား- ကိလေသာ စင်ကြယ်သောသူအား အခါခပ်သိမ်း နက္ခတ်ကောင်း ကြုံလျက်ရှိနေပေ၏၊ ဥပုသ်စောင့်သုံးပြီး ဖြစ်နေပေ၏၊ စင်ကြယ်သန့်ရှင်းသော ပြုလုပ်မူရှိသူအား ကျင့်ဝတ်သည် အခါခပ်သိမ်း ပြည့်စုံသည်သာတည်း" " အချင်း ပုဏ္ဏား- သင်သည် သန့်ရှင်းစင်ကြယ်ခြင်းကို အမှန်တကယ် အလိုရှိပါမူ ဤသာသနာတော်၌သာလျှင် ရေချိုးလော့။" " အကယ်၍ သင်သည် သူ့အသက်ကို မသတ်ဖြတ်အံ့၊ သူ့ဥစ္စာကို မခိုးယူအံ့၊ မဟုတ်မမှန် မပြောဆိုအံ့၊ ၀န်မတိုသူဖြစ်အံ့၊ ယုံကြည်မူ သဒ္ဓါတရားရှိသူ ဖြစ်အံ့၊ ထိုဗာဟုကာမြစ်သည် သင့်အတွက် ဘာပြုလုပ်ရန် လိုတော့သနည်း၊ ဂယာဆိပ်သို့ သွားခြင်းဖြင့် ဘာအကျိုးထူးနိုင်တော့မည်နည်း။" ယင်းကဲ့သို့ မြတ်စွာဘုရား ဟောကြားသောအခါ သုန္ဒရိက ဘာရဒွဇ ပုဏ္ဏားသည် တရားသဘော၌ နားလည် သက်ဝင်ကာ အမြင်မှန်သို့ ရောက်ရှိလေသည်။ ဗုဒ္ဓသာသနာတော်၌ ရဟန်းပြုကာ တရားကို ပွားများအားထုတ်သဖြင့် နောက်ဆုံးတွင် ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ (ဆရာလေးမြိုင် ရေးသားပြုစုသည့် ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Wednesday, October 1, 2008

ချီးမွမ်းသည့် ဗုဒ္ဓရှင်တော်

လူတို့သည် အများအားဖြင့် သူတစ်ပါး၏ မကောင်းကွက်ကို မြိန်ရေယှက်ရေ ပြောဆိုကဲ့ရဲ့ဖို့ရာ လွယ်ကုသလောက် သူတစ်ပါး၏ကောင်းကွက်ကို ပြောဆိုချီးမွမ်းဖို့ရာကား အင်မတန် ၀န်လေးနေတက်ကြသည်။ ဤသည်ကား အခြားကြောင့်မဟုတ်။ သူတစ်ပါး၏ ကောင်းဂုဏ်ကို ၀န်တိုသော ဂုဏမစ္ဆရိယတစ်နည်း ၀ဏ္ဏမစ္ဆရိယ ကြောင့်ပါတည်း။

သို့သော် မိမိကိုယ်ကို လှည့်စားလိုသူအချို့က ဂုဏ မစ္ဆရိယ ရှိနေဖြစ်နေသည်ကို ၀န်မခံဘဲ၊ ငါတို့က သူများကို မြှောက်ပင့်စားတဲ့ကောင်မဟုတ်ဘူးဟူသော စကားဖြင့် ကြံဖန်ဂုဏ်ယူတက်ကြပြန်သေးသည်။ ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းကား ဆီနှင့်ရေလို ကွာခြားလွန်းလှသည်။

ချီးမွမ်းခြင်းသည် မုဒိတာကြောင့်ဖြစ်သည်။
့မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်သည်။
ချီးမွမ်းခြင်းသည် ပရဟိတကို ဦးတည်သည်။့
မြှောက်ပင့်ခြင်းသည် အတ္တဟိတကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် ပေးဆပ်လိုခြင်းကိုဦးတည်သည်။
့မြှောက်ပင့်ခြင်းသည် ရယူလိုခြင်းကိုဦးတည်သည်။
ချီးမွမ်းခြင်းသည် မှန်ကန်သောသစ္စာစကားဖြစ်သည်။
မြှောက်ပင့်ခြင်းသည် မမှန်ကန်သော မုသားစကားဖြစ်သည်။

ဤမျှထိ ခြားနားကွဲပြားလှသောကြောင့်လည်း ရိုးသားစွာ ချီးမွမ်းသည့်အလုပ်ကိုကား အတုလာဓိပတိဖြစ်တော်မူသော ဘုရားရှင်တို့ပင် ပြုလုပ်တော်မူကြပါသည်။

သာဓကတစ်ခုကို ပြပါအံ့။ ဤဘဒ္ဒကမ္ဘာမှ ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသည်။ သားကောင်တို့ကို ဘေးမဲ့ပေးရာခေမာ မည်သောတော၌ သီတင်းသုံးနေတော်မူစဉ် ဝေဒေဟမည်သော သူကြွယ်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်များကို နေအိမ်သို့ပင့်ဖိတ်၍ ဆွမ်းကျွေးလေသည်။

ထိုအချိန်တွင် အရှင်မဟာကဿပမထေရ်ကဲ့သို့ ဓုတင်(၁၃)ပါးကို ဆောင်တော်မူသော နိသဘမထေရ်သည် သူကြွယ်အိမ်ရှိရာလမ်းမှ ဆွမ်းခံကြွသည်ကို ဝေဒေဟ သူကြွယ်မြင်လျှင် မထေရ်ထံမှောက်သို့ အမြန်ရောက်အောင်သွား၍ ထိခြင်းငါးပါးဖြင့်ရှိခိုးကာ-
' အရှင်ဘုရား.. အိမ်ထဲသို.ကြွတော်မူပါ။ မြတ်စွာဘုရားလည်း အိမ်၌ပင်နေတော်မူပါသည်။' ဟု လျှောက်ထားလျှင် မဟာနိသဟမထေရ်က-
' ဒါယကာ.... ငါတို့ကား အိမ်ထဲသို့ဝင်ခြင်းငှာ မအပ်ပါ။' ဟု မိန့်တော်မူသည်။ သူကြွယ်လည်း သပိတ်ကိုယူကာ ဆွမ်းဖြင့်ပြည့်စေပြီး မထေရ်အား ဆက်ကပ်သည်။ မထေရ်ကို လိုက်ပို့ပြီးနောက် မြတ်စွာဘုရားအား ဤသို့လျှောက်ထားသည်။
' မဟာနိသဟမထေရ်သည် အိမ်၌ မြတ်စွာဘုရားထင်ရှားရှိပါ၏။ ၀င်တော်မူပါဟု လျှောက်ထားသော်လည်း ၀င်ခြင်းငှာ အလိုမရှိပါ။ ထိုမထေရ်အား အရှင်ဘုရားတို့ ထက်လွန်ကဲသော ဂုဏ်ကျေးဇူး အထူးရှိပါသလား' ဟု လျှောက်ထား၏။ ထိုအခါ ဂုဏမစ္ဆရိယကင်းပြီးဖြစ်တော်မူသော ဘုရားရှင်က-
' ဒါယကာ.... ငါတို့ကားဆွမ်းကျက်သည့်တိုင်အောင် စောင့်ဆိုင်းလျက် အိမ်၌နေကုန်၏။ မဟာနိသဟမထေရ်ကား ဤသို့ထိုင်လျက် ဆွမ်းကိုမမျှော်မငဲ့ မစောင့်ဆိုင်းချေ။ ငါတို့ကား ရွာနီးကျောင်း၌ နေကြကုန်၏။ ထိုမထေရ်ကား တော၌သာလျှင်နေ၏။ ငါတို့ကား အမိုးရှိသောကျောင်း၌ နေကြကုန်၏။ ထိုမထေရ်ကား လွင်တီးခေါင်၌သာလျှင်နေ၏။ ထိုနိသဟမထေရ်အား ဤသို့ ဤသို့သော ဂုဏ်ကျေးဇူး အထူးရှိချေ၏။' ဟူ၍ ထုတ်ဖော် ချီးမွမ်းတော်မူခဲ့ပါသည်။
(ဆရာတော်အရှင်ဇ၀န ရေးသားတော်မူသော အတွင်းရန်သူ စာအုပ်မှကူးယူဖော်ပြပါသည်။)